Home
မြန်မာသတင်း
ထိုင်းစစ်တပ်နှင့် မူးယစ်မှောင်ခိုအဖွဲ့ ပစ်ခတ်မှုဖြစ်ပြီး  ၁ ဦးသေ၊ စိတ်ကြွဆေး ၁ သိန်းဖမ်းမိ
နန်းမြနဒီ
·
November 28, 2018
ထိုင်း-မြန်မာနယ်စပ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းစစ်တပ်နဲ့ မူးယစ်မှောင်ခိုသမားတွေ ပစ်ခတ်မှုဖြစ်ပြီး ၅ ဦးသေဆုံးခဲ့တဲ့နောက် မနေ့ညကလည်း  ပစ်ခတ်မှု ထပ်ဖြစ်ပွားကာ မူးယစ် အဖွဲ့ဝင် ၁ ဦးသေဆုံးပြီး စိတ်ကြွဆေးပြား ၁ သိန်းနဲ့ ဘိန်းဖြူတွေ ဖမ်းမိတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ ချင်းမိုင်ခရိုင်၊ မဲ့အိုင်းမြို့နယ်၊ ထာ့ဒွန်းအုပ်စုထဲမှာ မူးယစ်ဆေးဝါးသယ် ဆောင် ဖြတ်သန်းလာဖို့ရှိကြောင်း ကြိုတင်သတင်းရရှိတဲ့အတွက် အမှတ် ၃ ကွန်မန်ဒိုတပ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ  နယ်မြေထဲမှာ စောင့်ကြပ်စစ်ဆေးနေခဲ့တာပါ။ ည ၇ နာရီ ၁၅ မိနစ်လောက်မှာ မြန်မာနယ်စပ်နဲ့ ၂ ကီလိုလောက်အကွာ ဆန်တွန့်ဒုတ် လားဟူရွာ အနီးတောထဲမှာ ကျောပိုးအိတ်တွေနဲ့ ဖြတ်လျှောက်လာသူ ၅ ယောက်ကို တာဝန်ရှိသူတွေက ရပ်ဖို့အမိန့်ပေးရာမှာ သေနတ်တွေနဲ့ ပြန်လည်ပစ်ခတ်လို့ မိနစ် ၂၀ လောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ အမှတ် ၃ ဒေသ တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဧက၀ုဒ် ဆွတ်လုတ်က သတင်းထောက်တွေကို ပြောပါတယ်။ ဒါပေမယ့် အမှောင်ထဲမှာမို့ နယ်မြေရှင်းလင်းရေးကို ချက်ချင်းမလုပ်နိုင်သေးဘဲ ဒီကနေ့မနက် ၀င်ရောက်စစ်ဆေးရာမှာတော့ အလောင်း ၁ လောင်းနဲ့ စိတ်ကြွဆေးတွေပါတဲ့ အိတ် ၁ လုံး၊ ဟီးရိုးအင်းပါ အထုတ် ၂ ထုတ်ကို တွေ့ရှိခဲ့ပါတယ်။ အဆိုပါအိတ်ထဲမှာ စိတ်ကြွဆေးပြား ၁ သိန်းပါရှိပြီး အထုတ် ၂ ထုတ်ပေါင်းက ဘိန်းဖြူ အလေးချိန် ၁ ကီလိုရှိကာ  နောက်ထပ်ကွင်းဆက်တွေလည်း ဆက်လက်စုံစမ်း စစ်ဆေးနေတယ် လို့ ဗိုလ်မှူးကြီး ဧက၀ုဒ်က ပြောပါတယ်။ နိုဝင်ဘာ ၂၅ ရက်ကလည်း ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၊ ဒွိုင်နန်းနွန်းကျောက်ဂူကြီးအနီး ဒွိုင်ဖာမီတောင်ကြောမှာ ထိုင်းစစ်တပ်နဲ့ မူးယစ်ဆေးသယ်ဆောင်သူတွေ ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ်မှောင်ခိုသမား ၅ ဦးသေဆုံးကာ စိတ်ကြွဆေးပြား ၁ သန်း ဖမ်းဆီးရမိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024