Home
မြန်မာသတင်း
အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးဥပဒေတွင် နိုင်ငံ့ဝန်ထမ်းများကိုပါ ထည့်သွင်းရန်အကြံပြု
DVB
·
November 28, 2018
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေမှာ နိုင်ငံ့ဝန်ထမ်းတွေကို ထည့်သွင်းသင့်တယ်လို့ အမျိုးသားလွှတ်တော် ပြည်တွင်း၊ ပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးက  ပြောပါတယ်။ နိုဝင်ဘာ ၂၈ ရက် အမျိုးသားလွှတ်တော်အစည်းဝေးမှာ ဒီဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဆွေးနွေးတာမှာ အခုလို ထည့်သွင်းပြောဆိုလိုက်တာပါ။ အလုပ်ရှင်၊ အလုပ်သမားအားလုံးကို လွှမ်းခြုံတဲ့ဥပဒေဖြစ်စေချင်တဲ့အတွက် အလုပ်သမား အဖွဲ့အစည်းဥပဒေနဲ့ပဲ တူညီတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သင့်သလို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေမှာလုပ်နေတဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေး တွေကို ချန်လှပ်ထားလို့ မသင့်တော်တာကြောင့် နိုင်ငံ့ဝန်ထမ်းတွေကို ဖြုတ်ထားလို့ မရပါဘူး။ ဒါကြောင့် အမျိုးသားလွှတ်တော်ရဲ့ အတည်ပြုချက်အတိုင်းပဲ ဆက်လက် ထားရှိသင့်တယ်လို့ လွှတ်တော် ကော်မတီက အကြံပြုပါတယ်။ ပြည်တွင်း၊ ပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးက "နိုင်ငံဝန်ထမ်းတွေကလည်း နိုင်ငံဝန်ထမ်းဥပဒေရှိပေမယ့်လည်း နိုင်ငံဝန်ထမ်းဥပဒေနဲ့ အငြင်းပွားမှုဖြစ်လာလို့ရှိရင် အဲဒီဥပဒေနဲ့ ဖြေရှင်းလို့မရတာတွေရှိတယ်။ နောက်အလုပ်သမား တွေရဲ့ သီးခြားဥပဒေတွေရှိတယ်။ အဲဒါကြောင့် နိုင်ငံဝန်ထမ်းဥပဒေနဲ့ မလုံလောက်ဘူး။ ပြီးတော့ သူတို့လည်း အလုပ်သမားဖြစ်တယ်။ သာမန် စက်ရုံ၊ အလုပ်ရုံမှာ လုပ်တဲ့သူတွေလည်း အလုပ်သမားဖြစ်တဲ့အတွက် အလုပ်သမားအခွင့်အရေးကတော့ အားလုံးတန်း တူခံစားစေချင်တဲ့ အတွက် နိုင်ငံဝန်ထမ်းတွေကို ချန်လှပ်ထားလို့ အသင့်တော်လို့ ဒီဥပဒေမှာ ထည့်ခြင်းဖြစ်ပါတယ်။ နဂိုတင်ထားတဲ့ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေရဲ့ အလုပ်သမား အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ နိုင်ငံ့ဝန်ထမ်းတွေကို အလုပ်သမားထဲမှာ ထည့်ထားတယ် " လို့ပြောပါတယ်။ ပြည်သူ့လွှတ်တော်ကတော့ ဒီဥပဒေမှာ နိုင်ငံ့ဝန်ထမ်း ဆိုတာကို ထည့်သွင်းပြဋ္ဌာန်းဖို့ ဖြုတ်ထားခဲ့ပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲတို့ကတော့ သူတို့ရဲ့ ဖွဲ့စည်းပုံနဲ့ သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေက ပုံစံတမျိုးနဲ့သွားတာဖြစ်လို့ ခြွင်းချက်အနေနဲ့ ဖယ်ထုတ်ထားခဲ့တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024