အင်းတော်တွင် ဂျပန်မြေအောက်စစ်ဆေးရုံ တူးဖော်၊ ခရီးသွားလုပ်ငန်းဖော်ဆောင်မည်
DVB
·
November 28, 2018
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့မှာ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်မြေအောက် စစ်ဆးရုံကို စတင်တူးဖော်နေပြီး ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် တိုင်းအစိုးရက ရည်ရွယ်လုပ်ဆောင်နေပါတယ်။
နိုဝင်ဘာ ၂၅ ရက်မှာ စတင်တူးဖော်ပြီး ဆေးရုံအစိတ်အပိုင်းတချို့ တူးဖော်တွေ့ရှိ ထားပေမယ့် ကျွမ်းကျင်သူပညာရှင်တွေအကူအညီနဲ့ ဆက်လက်တူးဖော်ဖို့ စီစဉ်နေတာကြောင့် တူးတာကို ယာယီရပ်နားထားတယ်လို့ အင်းတော်မြို့နယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းက ပြောပါတယ်။
အင်းတော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းတန်ကလည်း “အင်းတော်မြို့ ဒီကုန်းမှာ ဒုတိယ ကမ္ဘာစစ်တုန်းက အင်္ဂလိပ်နဲ့ ဂျပန်တို့စစ်ဖြစ်ခဲ့တဲ့ စစ်တလင်းမြေဖြစ်ခဲ့တယ်လို့ သိရတယ်။ ဒီကုန်း မှာ ဒဏ်ရာရတဲ့ စစ်သားတွေကိုပြုစုကုသဖို့ မြေအောက်ဂျပန်စစ်ဆေးရုံ ဒီနားတည်ခဲ့တယ်လို့ ကြားဖူးနားဝ ရှိခဲ့တယ်ပေါ့။ စစ်ဆေးရုံ တကယ်ရှိခဲ့သလား ရှေးအစဉ်အဆက်မီခဲ့တဲ့ လူကြီးတွေကို မေးမြန်းတဲ့အခါမှာဟုတ်တယ်ထားခဲ့တယ် မြေကုတင်တွေလည်းရှိတယ်။ မြေအောက် အဆောက်အဦတွေလည်း သူတို့ငယ်ငယ်က သွားလာဆော့ကစားခဲ့တဲ့ နေရာတွေရှိတယ်ပြောလို့ ကျနော်က ဒီချုံနွယ်ပိတ်ပေါင်းတွေ ပိတ်နေတာကို ကားတက်ဖို့ လမ်းကြောင်းဖော်ရင်း အစအန တွေ့တာကို စပြီးတူးဖော်တာပေါ့။”လို့ ပြောပါတယ်။
ဒုတိယကမ္ဘာစစ်တုန်းကဖြစ်ခဲ့တဲ့ ဂျပန်နဲ့ မဟာမိတ်အဖွဲ့တို့ရဲ့ စစ်တလင်းမြေမှာ ကျန်ခဲ့တဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ကမ္ဘာလှည့်ခရီးသွားတွေ ကြည့်ရှုလို့ရမယ့် ဗဟုသုတရမယ့်နေရာလေးတွေကို ရှာဖွေဖော်ထုတ်ပြီ ရှေးမူမပျက် ပြသချင်တယ်လို့ လည်းပြောပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာပြုံးကတော့ “ဒါက ရှေးဟောင်းအမွေအနှစ်လို ဖြစ်နေတာလေ။ သမိုင်းဝင်နေရာပေါ့။ ဒါစစ်ကျန်သမိုင်းဝင်နေရာလေ စစ်သမိုင်းပြတိုက်တို့ ဘာတို့ မှာ ထားရမယ့်ပစ္စည်းတွေကို တွေ့လာနိုင်တယ်ပေါ့။ ဘက်ဟိုးကြီးနဲ့ ကုပ်ပြီးတင်လိုက်တဲ့အခါ မပျက်စီးသင့်တာတွေ ပျက်စီးကုန်မှာ စိုးလို့လေ။ အဲဒါကြောင့်မို့ အနုစိတ်လူနဲ့ တဖြည်းဖြည်းချင်း တူးယူရမှာပေါ့”လို့ ပြောပါတယ်။
အင်းတော်မြို့နယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းကတော့ တိုင်းအတွင်း ခရီးသွားတွေ ပိုမိုဝင်ရောက်လာအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြောပါတယ်။
“ကသာမှာက ဂျော့အိုလ်ဝဲ နေခဲ့တဲ့အိမ် ရှိတယ်။ အဲ့ဒါပြီးရင် ၀ှိုက်စီးတီး ခံတပ်ကြီး ရှိတယ်။ မော်လူးမှာပေါ့သူက၊ ဂျပန်ခေတ်က ဆေးရုံကြီးအင်းတော်မှာ ရှိတယ်။ နောက်တခုက အင်းတော် အင်းဘေးမှာ ၅ မိုင် လောက်ဝေးတဲ့ဆီမှာ ဂျပန်လေယာဉ်ကွင်းတွေ ရှိမယ်။ အင်းတော်အင်း အလှအပကို ခံစားနိုင်မယ်။ နောက် မန်လည်ဆရာတော်ဘုရားရဲ့ ရုပ်ကလာပ်နဲ့ ပြတိုက်ကိုလည်း လေ့လာနိုင်မယ်။ အခုခေတ်စားနေတဲ့ ဗန်းမောက်မြို့နယ်က ဇလုံတောင်ကြီးကိုလည်း သွားလာနိုင်မယ်”
အင်းတော်မြို့၊ နန့်ခင့်ကျေးရွာအုပ်စု၊ ကြာအင်းရွာ အနီးရှိ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်မြောက်ပိုင်းအတွက် ဂျပန်တို့ရဲ့ အဓိက မြေအောက် စစ်ဆေးရုံကြီး တူးဖော်မှုကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ရဲ့ လမ်းညွန်မှုနဲ့ တူးဖော်ခဲ့တာ ဖြစ်ပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)