ရန်ကုန်-မန္တလေး ရထားလမ်းကို ကီလို ၁၀၀ နှုန်းဖြင့် မောင်းနှင်နိုင်ရန် ဆောင်ရွက်နေ
DVB
·
November 28, 2018
ရန်ကုန်-မန္တလေး မီးရထားလမ်းကို ၂၀၂၃ ခုနှစ်မှာ တနာရီ ကီလိုမီတာ ၁၀၀ နှုန်းနဲ့ မောင်းနှင်ပြေးဆွဲနိုင်အောင် ဆောင်ရွက်နေတယ်လို့ မြန်မာ့မီးရထားဌာနက ပြောကြား လိုက်ပါတယ်။
မြန်မာ့မီးရထားဌာန အထွေထွေမန်နေဂျာ ဦးဘမြင့်က “၂၀၂၃ အကုန်ဆိုရင် ရထားလမ်းတွေက အားလုံး ရန်ကုန်-မန္တလေးရော၊ ရန်ကုန်မြို့ပတ်လမ်းရော အတော်လေးကို ကောင်းပြီးတော့ ရန်ကုန်-မန္တလေး ဆိုရင် ကီလို မီတာ ၁၀၀ လောက်နဲ့ ပြေးနိုင်အောင် ကြိုးစားပါ့မယ်။ စက်ခေါင်း သံလမ်းပြေးကားအသစ်တွေ အဲ့ယားကွန်းပါတဲ့ လေအိပ်ကားလေးတွေ ပြေးမယ့်အတွက်ကြောင့်မလို့ ခရီးသည်တွေ သက်သောင့်သက်သာနဲ့ အန္တရာယ်ကင်းကင်းနဲ့ သွားလာနိုင်မှာပါ”လို့ ပြောပါတယ်။
လက်ရှိ ရန်ကုန်- မန္တလေး ရထားလမ်းမှာ နှစ် ၁၀၀ ကျော်ကြာမြင့်နေပြီဖြစ်တဲ့ တံတားတွေကို အသုံးပြုနေရပြီး အစားထိုးပြုပြင်တည်ဆောက်မှုတွေ၊ ဇလီဖားတုံး အစားထိုးလဲလှယ်မှုတွေနဲ့ တခြားပြုပြင်ထိန်းသိမ်းမှုတွေကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ရန်ကုန်ကနေ မန္တလေးအထိ ရထားခရီးချိန်ကြာမြင့်မှုဟာ ၁၄ နာရီရှိပြီး ရထားလမ်းတွေ ပြင်ဆင်ပြီးစီးသွားပါက အချိန် ၈ နာရီပဲ ကြာမြင့်တော့မယ်လို့လည်း အထွေထွေမန်နေဂျာ ဦးဘမြင့်က ပြောပါတယ်။
မီးရထားဌာနအနေနဲ့ ရန်ကုန်-မန္တလေးလမ်း၊ ရန်ကုန်-ပြည်လမ်း၊ ရန်ကုန်-မော်လမြိုင်လမ်း၊ ရန်ကုန်မြို့ပတ်လမ်းစတဲ့ လမ်းမကြီး ၅ ခုကို အဓိကထား အဆင့်မြှင့်တင်သွားမယ်လို့လည်း ဆိုပါတယ်။
ရန်ကုန်မြို့ပတ်လမ်းကို JICA၊ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းကို ကိုရီးယားဘဏ်၊ ရန်ကုန်-ပြည်လမ်းပိုင်းကို ADBနဲ့ EIB၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းကိုတော့ နိုင်ငံတော် အစိုးရဘတ်ဂျတ်နဲ့ အိန္ဒိယအကူအညီတွေနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။