Live
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် လွှတ်တော်တွင် သတင်းရယူခွင့် ကန့်သတ်တင်းကျပ်
DVB
·
November 27, 2018
ရခိုင်ပြည်နယ်လွှတ်တော်မှာ  ဒီကနေ့ နိုဝင်ဘာလ ၂၇ ရက်ကစလို့ သတင်းထောက်တွေကို သတင်းရယူခွင့်  ကန့်သတ် တင်းကျပ်လိုက်ပါတယ်။ သတင်းသမားတွေကို ရခိုင်လွှတ်တော်အစည်းအဝေးကျင်းပချိန်မှာ လွတ်လပ်စွာ သတင်းရယူခွင့် အရင်ကလို မပေးတော့ဘဲ လွှတ်တော် အစည်းအဝေးရဲ့ အနောက်ဖက်ခြမ်းရဲ့ဘေးဖက်မှာ မီဒီယာတွေသတင်းယူဖို့ နေရာ သတ်မှတ် ကန့်သတ် လိုက်တာ ဖြစ်ပါတယ်။ အခုလို သတင်းမီဒီယာတွေကို ကန့်သတ်လိုက်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် တွေမေးမြန်း အဆိုတင်တာတွေကို သတင်းသမားတွေက ရှေ့ကနေ သတင်းယူရိုက်ကူးခွင့် မရတော့ဘဲ နောက်ကနေသာ ရိုက်ကူးခွင့် ကန့်သတ်ထားတာကြောင့် အဆင်မပြေဖြစ်ကြတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။ ရခိုင်အခြေစိုက် နိရဉ္စရာသတင်းဌာနက အကြီးတန်းသတင်းထောက်မာန်ယုကျော်က “ကျနော် သတင်းသမားတွေအတွက် အဆင်မပြေဘူးဗျ။ ဘာလို့လဲဆိုတော သတင်းယူတဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေ မေးခွန်းတွေမေးတာတွေ၊ အဆိုတင်တာတွေက သူတို့ရဲ့ နောက်ကွယ်ကနေ ရိုက်နေရတယ်။ နောက်ဖက်ကနေ ရိုက်နေရတယ်ဗျ။ ဘယ်လို ပြည်သူတွေကို ချပြရမှာလဲ။ကျနော်တို့ ရုပ်သံရိုက်တဲ့ သတင်းသမားတွေအတွက် အဆင်မပြေဘူး”လို့ ပြောပါတယ်။ သတင်းရိုက်ကူးရတာ အဆင်မပြေတာကြောင့် လွှတ်တော်အစည်းအဝေးမပြီးဆုံးခင်မှာပဲ သတင်းထောက်တချို့က လွှတ်တော်ခန်းမကနေ ထွက်ခွာသွားကြပါတယ်။ သတင်းယူခွင့် ကန့်သတ်လိုက်တဲ့အပေါ် ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌက ဦးမြသန်းက  “ကျနော်တို့က မီဒီယာတွေအတွက် လောလောဆယ် ယာယီစီစဉ်ထားတာပါ။ မီဒီယာတွေအတွက် အခန်း သီးသန့်လုပ်ဖို့စီစဉ်ထား ပါတယ်။ အဲ့ဒီအခန်းထဲမှာပဲ ကျနော်တို့ က တီဗွီတွေ တပ်ဆင်ဖို့ပါ။”လို့ ပြောပါတယ်။ ဒါ့အပြင် အရင်တုန်းက သတင်းထောက်တဦးဟာ သူတို့ရဲ့ဝန်ထမ်း သတင်းထောက်ကတ် အပါအဝင် မှတ်ပုံတင်တွေကို ပြလို့ လွှတ်တော်ဂိတ်ပေါက်ဝကနေ ဝင်ခွင့်ရခဲ့ပေမယ့် အခုအချိန်မှာတော့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ဆီက အသိအမှတ်ပြုထားတဲ့ ဝင်ခွင့်ကတ်ပေးပြီးမှ ဂိတ်ပေါက်ကနေတဆင့် လွှတ်တော်ထဲကို သတင်းယူခွင့်ပြုထားပါတယ်။ ဒီလိုဝင်ခွင့်ကတ်ရဖို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ သတင်းထောက်ကတ်တွေကို နိုဝင်ဘာ ၂၆ ရက်နေ့ ကြိုတင်ပေးထားခဲ့ရပြီး မနက်ကျမှ သတင်းထောက်ကတ်ကို ရဲတပ်ဖွဲ့ဝင် တွေဆီက ပြန်လည်ထုတ်ပေးတယ်လို့ ရခိုင်အခြေစိုက် DMG သတင်းဌာန သတင်းထောက် ခိုင်ရိုးလက ပြောပါတယ်။ အခုလိုလွှတ်တော် ဝင်ခွင့်ကတ်တွေလုပ်ဆောင်ရတာဟာ ရခိုင်ပြည်နယ်က လွှတ်တော်ဥက္ကဋ္ဌဆီက ညွန်ကြားချက်နဲ့ လုပ်ရတာလို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ပြောပါတယ်။ ဒါပေမယ့်လွှတ်တော်ထဲမှာ သတင်းထောက်တွေအတွက် တစုံတရာ တင်းကျပ်ထားတာ မရှိသလို ရဲတပ်ဖွဲ့ဆီကို ညွှန်ကြားထားတာလည်းမရှိဘူးလို့ လွှတ်တော် ဒု-ဥက္ကဋ္ဌဦးမြသန်းက ပြောပါတယ်။ “လွှတ်တော်မှာတင်းကျပ်ထားတာဘာမှမရှိဘူး။ ဒါပေမယ့် လွှတ်တော်က ရုံးဝန်ထမ်းတွေ ကိုတော့ ဂိတ်ပေါက်ဝ မှာထားတယ်။ အဲ့ဒါကလဲ လွှတ်တော်က ထုတ်ပေးတဲ့ ဝင်ထွက်ကတ်ကို ထုတ်ပေးဖို့ အတွက်ထားရှိတာပါ။ အရင်လည်း ဒီလိုပါပဲ။ ရဲလုံခြုံရေးတွေကိုတော့ ကျနော်တို့ ညွန်ကြားထားပေးတာမဟုတ်ဘူး။ သူတို့ အစီအစဉ်နဲ့ သူတို့လုပ်တာ။ ရဲဆီမှာ ဝင်ခွင့်ကတ်လုပ်ရမယ်လို့ ကျနော်တို့ ညွန်ကြာ မထားဘူး။ ဒီဝင်ခွင့်ကတ်ပါမှ ဝင်ရမှာလို့လည်း ပြောမထားလို့ပြောပါတယ်။ သတင်းထောက်ကတ်ပါရင် ဝင်ခွင့်ပြုထားတယ်” ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ရခိုင်ပြည်နယ်လွှတ်တော်အကြား မကြာခဏ ပွတ်တိုက်မှုနဲ့ ထိပ်တိုက်တွေ့တာ ရှိနေတာကြောင့်  သတင်းမီဒီယာတွေကို ကန့်သတ်ဖို့ လုပ်ဆောင်နေတာလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ ဝဏ္ဏခွာညို

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024