တောတွင်းစွန့်စားခန်းများနဲ့ ရှုစားကြရမည့် Mowgli: Legend of the Jungle ရုပ်ရှင် (နမူနာ)
Published By
DVB | 27 November, 2018
2.3K
0
Share
0
Comment
0
Likes
နာမည်ကြားလိုက်ရုံနဲ့ ပရိသတ်တွေ ရင်းနှီးကြမှာဖြစ်တဲ့ တောတွင်းသားလေး Mowgli ရဲ့ စွန့်စားခန်းတွေနဲ့ ရှုစားကြရမယ့် Mowgli: Legend of the Jungle ရုပ်ရှင်ကားကို မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဗြိတိန်ရုပ်ရှင်ဒါရိုက်တာ Andy Serkis က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
ဒီကားဟာ မနှစ်က ထွက်ရှိခဲ့တဲ့ The Jungle Book 3D ရုပ်ရှင်ကားကို အသစ် ပြန်လည်ဖန်တီး ရိုက်ကူးထားခဲ့တာဖြစ်ပြီး တောထဲမှာ ဝံပုလွေတွေရဲ့ ပြုစုစောင့်ရှောက်မှုနဲ့ တောတွင်းတိရစ္ဆာန်တွေနဲ့အတူ ကြီးပြင်းလာရတဲ့ မိဘမဲ့ကလေးငယ် Mowgli အကြောင်း ပုံဖော် ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ Mowgli နေရာမှာတော့ အသက် ၁၄ နှစ်အရွယ် ကလေးသရုပ်ဆောင်တဦးနဲ့ ထူးထူးခြားခြား ဖန်တီးထားတာပါ။
ဒီကားရဲ့ အဓိကဇာတ်ကောင် တောတွင်းသားလေး Mowgli နေရာမှာတော့ အမေရိကန် ကလေးသရုပ်ဆောင် Rohan Chand က ခေါင်းဆောင်ပါဝင်ထားပါတယ်။
သူ့ရဲ့သူငယ်ချင်း ကျားကြီး Shere Khan နေရာမှာတော့ Marvel Super Hero ဇာတ်ကောင် Doctor Strange အဖြစ် နာမည်ကြီးတဲ့ ဗြိတိန်မင်းသား Benedict Cumberbatch က အသံနဲ့ ပါဝင်အားဖြည့်ထားပြီး Mowgli ရဲ့ အယုံကြည်ရဆုံးဖြစ်တဲ့ အသက် ၁၀၀ ကျော် သက်တမ်းရှိတဲ့ မြွေကြီး Kaa နေရာမှာတော့ သြစတေးလျ ရုပ်ရှင်သရုပ်ဆောင်မင်းသမီး Cate Blanchett တို့နဲ့အတူ တခြားသရုပ်ဆောင်တွေ အများကြီးက အသံနဲ့ အားဖြည့် ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ဒီကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ မြင်ကွင်းတွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။
ကြာမြင့်ချိန် ၁၀၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် နိုဝင်ဘာ ၂၉ ရက်နေ့ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေမှာ စတင်ပြသသွားမှာဖြစ်ပြီး တကမ္ဘာလုံးမှာတော့ ဒီဇင်ဘာ ၇ ရက်နေ့ ပြသတော့မှာ ဖြစ်ပါတယ်။