Home
မြန်မာသတင်း
အမျိုးသမီးအကြမ်းဖက်ခံရမှု တားဆီးရေးဥပဒေ ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းနိုင်မည်
DVB
·
November 27, 2018
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေကို လာမယ့် ၂၀၁၉ ခုနှစ်ထဲမှာ ပြဋ္ဌာန်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဒုဝန်ကြီး  ဦးစိုးအောင်ကပြောပါတယ်။ ရာဇသတ်ကြီးဥပဒေပါ ပြဋ္ဌာန်းချက်တွေဟာ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်လို့ လိုအပ်ချက်တွေရှိနေတာကြောင့် ဥပဒေအရ ကာကွယ်ပေးနိုင်ဖို့ ဒီဥပဒေကို အထူးဥပဒေတရပ်အနေနဲ့ ရေးဆွဲခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကို ၂၀၁၃ခုနှစ်က တည်းက ရေးဆွဲနေတာ ဘယ်အခြေအနေကို ရောက်နေပြီလဲဆိုတာ သိလိုတဲ့အကြောင်း နိုဝင်ဘာ ၂၇ ရက် အမျိုးသား လွှတ်တော်အစည်းအဝေးမှာ ရန်ကုန်တိုင်း၊ မဲဆန္ဒနယ်အမှတ် (၁၀) လွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုးက မေးမြန်းပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်သက်ပြီး ဒုဝန်ကြီး ဦးစိုးအောင်က “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေမူကြမ်းဟာ ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ သဘောထား အကြံပြုချက်များ ရရှိနိုင်ရေးအတွက် တင်ပြပါအတိုင်း ဆောင်ရွက်ပေးပို့ ညှိနှိုင်းထားရှိပါကြောင်းနဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးကလည်း အမြန်ပေးပို့နိုင်ရေး စီစဉ်ထားပြီးဖြစ်ပါသဖြင့် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကို ၂၀၁၉ ခုနှစ်အတွင်း ပြဋ္ဌာန်းနိုင်ရေးအတွက် ဆက်စပ်ဌာနများ အဖွဲ့အစည်းများနဲ့ ညှိနှိုင်း ပူးပေါင်း ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်”လို့ပြောသွားပါတယ်။ ဥပဒေ ရေးဆွဲရာမှာလည်း ဥပဒေပါပြဋ္ဌာန်းချက်တွေဟာ အထူးသိမ်မွေ့နက်နဲပြီး လက်တွေ့ လိုက်နာနိုင်ဖို့ အချိန်ယူအသေးစိတ်ဆွေးနွေးခဲ့ရတယ်၊ ဥပဒေအပြီးသတ်မူကြမ်းကို ၂၀၁၈ အောက်တိုဘာလမှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ပေးပို့ခဲ့တယ်လို့လည်း ဒုဝန်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာတွေ တနှစ်ထက် တနှစ် ပိုများလာသလို ၂၀၁၈ ခုနှစ် လက်ရှိအချိန်ထိ အမှု ၁၀၀၀ ကျော်ရှိနေပြီး ထက်ဝက်ကျော်ဟာ အသက်မပြည့်သေးတဲ့ ကလေးတွေဖြစ်တယ်လို့ မေးခွန်းရှင် လွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုးက ပြောပါတယ်။ ရဲမှတ်တမ်းတွေအရ ၂၀၁၆ခုနှစ်မှာ အမျိုးသမီးအကြမ်းဖက်ခံရမှု ၇၀၀ ကျော်၊၂၀၁၇ခုနှစ်မှာ ၈၀၀ ကျော်၊ အခု ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းအထိ ၁၀၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဥပဒေမထွက်သေးပေမယ့် ၀န်ကြီးဌာနအနေနဲ့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက် ခေတ္တနားခိုရေးစင်တာတွေ ဖွင့်ပေးတာ၊ ရေတိုရေရှည်ဝန်ဆောင်မှုတွေ၊ ထောက်ပံ့မှုတွေနဲ့ တရားရင်ဆိုင်နိုင်ဖို့ ငွေကြေးထောက်ပံ့ ပေးတာတွေ ဆောင်ရွက်ပေးနေတယ်လို့ ဒုဝန်ကြီး ဦးစိုးအောင်က ပြောပါတယ်။ "အခုအခါ ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ မော်လမြိုင်မြို့တွေမှာရှိတဲ့ ခေတ္တနားခိုရေး စင်တာတွေမှာ အကြမ်းခံရတဲ့ အမျိုးသမီး ၈၅ ဦးကို လက်ခံစောင့်ရှောက်နိုင်ခဲ့ပြီး ပညာဆက်လက်သင်လို သူတွေကို ပညာရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီး အသက်မွေးဝမ်းကျောင်း ပညာသင်ကြားရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးတို့ကိုလည်း ဆောင်ရွက်ပေးခဲ့ပါတယ် " နှစ်စဉ် နိုဝင်ဘာ ၂၅ ရက်နေ့ကို နိုင်ငံတကာ အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေးနေ့ အဖြစ်သတ်မှတ် လှုပ်ရှားလေ့ရှိပြီး  အခုနှစ်အတွက် ဆောင်ပုဒ်ကတော့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ဥပဒေနဲ့ ကာကွယ်ပေး ဖြစ်ပါတယ်။ သတင်း- ရွှေအောင်၊ နေဖြိုးဝင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024