မြန်မာပြည်တွင်ကျင်းပမည့် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၌ ၂ဝဝဝ ကျော် ဝင်ပြိုင်မည်

ဓာတ်ပုံ - သမ္မတရုံး
၁၉ ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် ဒီဇင်ဘာ ၁ဝ ရက်ကနေ ၁၉ ရက်အထိ ဆယ်ရက်ကြာ   နေပြည်တော်မှာ လက်ခံကျင်းပမှာ ဖြစ်ပါတယ်။ အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံ အပါအဝင် အာဆီယံဒေသတွင်း နိုင်ငံပေါင်း ၁၁ နိုင်ငံက ကျောင်းသူကျောင်းသား အားကစားသမားပေါင်း ၂ဝဝဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အာဆီယံဒေသအတွင်း ထူးချွန်အားကစားသမားတွေ ပေါ်ထွက်လာစေဖို့ ရည်ရွယ်ပြီး ကျင်းပတာ ဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဒုသမ္မတ ဦးမြင့်ဆွေက မနေ့ကကျင်းပတဲ့ ၁၉ ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့  သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။ “အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို အာဆီယံလူငယ်များ အချင်းချင်း အားကစားကနေတဆင့် ချစ်ကြည်ရင်းနှီးမှုနဲ့ စည်းလုံးညီညွတ်မှုတွေ ရရှိလာစေဖို့၊ အာဆီယံ ဒေသတွင်း ထူးချွန်အားကစားသမားတွေ ပေါ်ထွက်လာစေဖို့နဲ့ အားကစားသမားတွေအကြား သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးရဲ့ အရှေ့တောင်အာရှတက္ကသိုလ် အချက်အလက်တွေနဲ့ ယဉ်ကျေးမှုဆိုင်ရာတွေကို အချင်းချင်း အပြန်အလှန် လေ့လာဖလှယ်ခွင့် ရရှိစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့  ကျင်းပတာ” လို့ ဒုသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။ အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲဝင်မယ့် မြန်မာအားကစားသမားတွေဟာ စခန်းဝင်လေ့ကျင့်နေကြပြီဖြစ်ပြီး သူတို့တွေ တားမြစ်ဆေးဝါးသုံးစွဲမှု ရှိ/မရှိ စစ်ဆေးဖို့အတွက်လည်း ကြိုတင်ပြင်ဆင်နေပြီလို့ သမ္မတရုံး သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up