A d v e r t i s e m e n t With Us

အဓိပတိလမ်းဘေးက အပန်းဖြေရိပ်သာ (သုတကဖေး)

ဟိုတချိန်ကတော့ အဓိပတိလမ်းထိပ်နဲ့ တက္ကသိုလ်ရိပ်သာလမ်းဆုံမှာ အဝိုင်းလေး ရှိခဲ့ဖူးတယ်။ အဝိုင်းလေး ထိပ်မှာတော့ ဘုရင်ခံဆာဟာကုတ်ဘတ်တလာရဲ့ ကိုယ်တပိုင်းရုပ်တု ရှိခဲ့သတဲ့။ အဲ့ဒီရုပ်တုနဲ့ ဘွဲ့နှင်းသဘင်ခန်းမ အလယ်တည့်တည့်ဟာ တဖြောင့်တည်း ရှိရတယ်။ အခုမြင်တွေ့နေရတဲ့ ဘွဲ့နှင်းသဘင်ခန်းမရှေ့ရှိ အဝိုင်းလေးက ဟိုအရင်ကတော့ မရှိခဲ့ဘူး။ နောက်မှလုပ်ခဲ့တဲ့ အဝိုင်းလေးပါ။ အရင်ကတော့ ပညာရေးရဲ့ ဖြောင့်မတ်မှုပုံရိပ်အဖြစ် အဓိပတိ လမ်းထိပ်အဝင်ဝကနေ ဘွဲ့နှင်းသဘင်ခန်းမရှိ အဓိပတိခုံမြင့်နဲ့ကို တဖြောင့်တည်း အခုအခံ မရှိ တည်ဆောက်ခဲ့တယ်လို့ သိမီသူတွေက ပြောပြခဲ့ဖူးတယ်။ အဲ့ဒီအဝိုင်းလေးကြောင့် မူလပညာရေးရဲ့ ပုံရိပ်ဖော် ရည်ရွယ်ရင်း ပျက်စီးသွာစေတယ်လို့ ပြောကြတာတွေလည်းရှိရဲ့။ အဓိပတိလမ်းထိပ်ကဝင်လာရင် စာကြည့်တိုက်နဲ့ မျက်စောင်းထိုးမှာ ဝိဇ္ဇာခန်းမလို့ခေါ်တဲ့ စာသင်ဆောင်အဆောက်အုံကြီးတခုရှိတယ်။ အရင်ကတော့ ယုဒသန်ခန်းမပေါ့။ သူ့ရှေ့က မြက်ခင်းပြင်မှာ တချိန်က ကျောင်းသားပွဲတော်ကျင်းပရာနေရာ ဖြစ်ခဲ့ဖူးတယ်။ ၁၉၅၆/၅၇ ပညာသင်နှစ်ရဲ့ စတုတ္ထအကြိမ် ကျောင်းသားပွဲတော်ကျင့်ပခဲ့တဲ့ နေရာလို့ ဆိုပါတယ်။ အဲ့ဒီနေရာက ၄ ဧကကျော် ၅ ဧကနီးပါး ရှိတာကိုး။ အဲ့ဒီမှာ ရုပ်ရှင်မင်းသားကြီး မြတ်လေးရဲ့ ဆံမြိတ်လည်းပြေ ပန်းလည်းကြွေ ပြဇာတ်တို့၊ အရိပ်ပြဇာတ်တို့ ကပြခဲ့တဲ့ နာမည်ကျော်တက္ကသိုလ်အနုပညာ အသင်းရဲ့တင်ဆက်မှုစတင်ရာ နေရာတခုဖြစ်ခဲ့ဖူးတယ်။ အဲ့ဒီ ၅ ဧကခန့်ကျယ်တဲ့ ဝိဇ္ဖာအဆောက်အုံရှေ့က မြက်ခင်းပြင်မှာ ၁၉၅၆ ကတည်းက ဆရာ ဆရာမတွေရဲ့ တောင်းဆိုချက်နဲ့ လိုအပ်ချက်အရ အပန်းဖြေရိပ်သာတခု ဆောက်လုပ်ဖို့ ရာထားပြင်ဆင်ခဲ့ကြတယ်။ အဲ့ဒီတုန်းက ရန်ကုန်တက္ကသိုလ်မှာ ဆရာအသင်းအပြင် ယဉ်ကျေးမှုနဲ့ ပေါင်းသင်းဆက်ဆံရေး ဆပ်ကော်မတီဆိုတာလည်း ရှိခဲ့တယ်။ အဲ့ဒီအသင်းရဲ့ဦးဆောင်သူတွေ ဖြစ်တဲ့ အင်္ဂလိပ်စာပါမောက္ခ ဦးမျိုးမင်း၊ ဒေါက်တာ ဒေါ်သင်းကြည်တို့က ဦးဆောင်ပြီး အဆိုပြုတော့ ဒုတိယ အဓိပတိဖြစ်သူ ဦးဘိုကြီးက အတည်ပြုပေးလိုက်ရာက တက္ကသိုလ်အပန်းဖြေ ရိပ်သာတခု ပေါ်ထွက်လာခဲ့တာပါ။ အတည်ပြုချက်ရပေမယ့် ရန်ပုံငွေကမရှိသေးတော့ အဲ့ဒီတုန်းက “အေရှဖောင်ဒေးရှင်” ၁၉၅၆ ခုနှစ်ထဲမှာ အလှူခံခဲ့တယ်။ အေရှဖောင်ဒေးရှင်တာဝန်ခံ မစ္စတာတောလမင်းက ငွေကျပ် သုံးသိန်း ထည့်ဝင်မယ်လို့ ကတိရတယ်။ ၁၉၅၈ ထဲရောက်တော့ အေရှဖောင်ဒေးရှင်း ဂျိန်းဒေါ်လတန်နဲ့ ဆွေးနွေးတော့ ငွေကျပ်ရှစ်သန်းအထိ အကုန်ကျခံ ဆောက်ပေးမယ်လို့ ထပ်မံတိုးလို့ အလှူငွေရခဲ့တယ်။ ဒီတော့မှ ပိသုကာဒီဇိုင်းအတွက် အမေရိကန်ဗိသုကာဆရာ “မစ္စတာအော့စဝါနက္ကလာ” က ကန်ထရိုက်ရခဲ့ပါတယ်။ ဒါကြောင့် တက္ကသိုလ်အပန်းဖြေရိပ်သာရဲ့ ဗိသုကာ ဒီဇိုင်းဟာ “အော့စဝါနက္ကနာ”ပါ။ သူ့ကိုကူညီရေးဆွဲသူက မြန်မာဗိသုကာဆရာ ဦးဗိုလ်ကြီး ဖြစ်ပါတယ်။ ပါမောက္ခချုပ် ဒေါက်တာထင်အောင်က ကော်မတီတရပ်ဖွဲ့ပေးခဲ့တယ်။ ဥက္ကဋ္ဌအဖြစ် ပါမောက္ခ ဦးဘိုးသာက တာဝန်ယူပါတယ်။ ပါမောက္ခတွေဖြစ်တဲ့ ဒေါက်တာသာလှ၊ ဒေါက်တာကိုကိုလေး၊ ဦးမျိုးမင်း၊ ဝီလျံပေါ၊ ဒေါက်တာလှသွင်၊ ဒေါက်တာမောင်မောင်ခ၊ ဦးဘတုတ်၊ ဦးဘလှီ၊ ကျောင်းသားရေးရာက ဦးယုခင်၊ မော်ကွန်းထိန်း ဦးလှအောင်နဲ့ အာရှဖောင်းဒေးရှင်က ဂျိန်းဒေါ်လတန်တို့ ပါဝင်တယ်လို့ ဆိုပါတယ်။ အတိုင်ပင်ခံ ဗိသုကာဆရာကတော့ ဗိသုကာဦးတင် ဖြစ်တယ်။ ကန်ထရိုက်တာက ဦးခင်ဇော်နဲ့ဦးကြီး တင်တို့ပါ။ အဆောက်အုံမှာ အသုံးပြုမယ့် သံမဏိလုပ်ငန်းအတွက်ကတော့ အီလက်ထရိုမက်ကင်နီ ကယ်ဝပ်ဆီက ဝယ်ယူတယ်။ အဆောက်အုံဟာ ကွန်ကရစ်သစ်သား သံမဏိတို့ပေါင်းစပ်ထားတဲ့ပုံစံပါ။ မြန်မာမှုကိုလည်း အခြေခံထားတာကြောင့် တမျိုးဆန်းသစ်လို့နေပါတယ်။ ဗိသုကာပညာရပ်အရ ထူးခြားတာက အဆောက်အုံရ  ပေ ၁ဝဝ ပတ်လည်နီးပါး အလယ်မှာ တိုင်ပျောက်ဆောက်ထားခြင်းပဲ။ အလယ်မှာ တိုင်မပါတော့ အမိုးအတွက် ယက္မတခုနဲ့တခု ချိတ်ဆက်ပြီး တခုနဲ့တခုအားကိုယူ ထောက်ကန်ပြီး ဆောက်ထားတာပါ။ အခုခေတ်မှာ မထူးဆန်းတော့ပေမယ့် သူ့အချိန်ကာလ အရတော့ အလွန်ဆန်းသစ်ခဲ့ဟန်ပါပဲ။ အဆောက်အုံရဲ့ Blue Print အရဆိုရင် မြေနေရာအကျယ်အဝန်းဟာ ၂.၅ဧက ရှိတယ်။ အဆောက် အုံရဲ့ကွန်ကရစ်ခုံတုန်းအကျယ်ဟာ ၃၆၅ဝဝ စတုရမ်းပေရှိပါတယ်။ အမိုးအောက် ကြမ်းခင်းဧရိယာဟာ ၄၄၂ဝဝ စတုရမ်းပေရှိပြီး နှစ်ထပ်ဆောင်ဖြစ်တာကြောင့် ၅၉ဝဝဝ စတုရမ်းပေရှိတယ်။ ဒါကြောင့် တစ်စတုရမ်းပေမှာ ကုန်ကျငွေကျပ် ၁၃.၅ဝ ရှိတယ်လို့ဆိုတယ်။ အေရှဖောင်ဒေးရှင်းရဲ့အလှူငွေရှစ်သိန်းလုံး ကုန်ကျခဲ့တယ်လို့ငွေစာရင်း အခိုင်အမာရှိခဲ့တယ်။ ဒီအဆောက်အုံကို အဓိပတိလမ်းကနေဝင်မယ်ဆိုရင် ညာဘက်အခြမ်းမှာ အမျိုးသား/ အမျိုးသမီး သန့်စင်ခန်းတွေရှိတယ်။ ကြီးကြပ်ရေးရုံးခန်ရှိတယ်။ ညာဘက်အခြမ်းဘက်မှာတော့ ကျး/မ အပန်းဖြေခန်းတွေရှိတယ်။ မျက်နှာစာမှာ လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်ရှိတယ်။ သူ့နောက်ဘက်မှာတော့ တက္ကသိုလ်အနုပညာအသင်း၊ ဓာတ်ပုံခန်း၊ စန္ဒယားခန်း အနုပညာ သင်တန်းခန်းမနဲ့ စည်းဝေးခန်းတွေရှိသလို အလယ်လမ်းမှာတော့ ဆံပင်ညှပ်ဆိုင်၊ စာရေးကိရိယာ အရောင်းဆိုင်လေးတွေရှိရဲ့။ အလယ်ဗဟိုလ်မှာ ဘောလီဘောကွင်းနဲ့ခြင်းလုံး၊ ဘတ်စ်ကက် ဘောကွင်းကျယ်ကြီး ရှိတယ်။ အားကစားကွင်းထဲမှာ နှုတ်ဆက်ပွဲ၊ ဆွေးနွေးပွဲ၊ သင်တန်းဆင်းပွဲတွေ လုပ်တာလည်းရှိတယ်။ ဒီနေရာမှာပဲ တက္ကသိုလ်အနုပညာပြိုင်ပွဲတွေ၊ ကျောင်းဆောင်အသီးသီးရဲ့ နှုတ်ဆက်ညစာစားပွဲတွေ နှစ်စဉ်ကျင်းပလေ့ရှိခဲ့တယ်။ အခုများတော့ ကျောင်းသားတွေ အနားယူအပန်းဖြေလို့ ပွဲတော်ကျင်းပနိုင် သေးရဲ့လား။ တကယ့်လွမ်းစရာတွေနဲ့ အပန်းဖြေရိပ်သာဟာ ပုံပြင်တပုဒ်ဖြစ်ကျန်ခဲ့လေပြီလား…လို့  လွမ်းမောတသနေမိပါတော့တယ်။ (အချက်တချို့ကို ဆရာဦးစောလွင်ရဲ့ အပန်းဖြေရိပ်သာမှယူတယ်) ဆရာဋ္ဌေး

A d v e r t i s e m e n t With Us

More News
Up