အာ့ဇော့ဗ် ပင်လယ်ထဲ ယူကရိန်း ရေတပ်သင်္ဘော ၃ စီး မဝင်ရန် ရုရှား ဟန့်တား

752
ကတ်ခ်ျ ရေလက်ကြားကနေတဆင့် အာ့ဇော့ဗ် ပင်လယ်ထဲကို ယူကရိန်း ရေတပ်သင်္ဘော ၃ စီး မဝင်အောင် ရုရှားအစိုးရက နိုဝင်ဘာ ၂၅ ရက်နေ့မှာ ဟန့်တားခဲ့ပါတယ်။
ရုရှားက ထိန်းချုပ်ထားတဲ့ တံတားအောက်မှာ ကုန်သင်္ဘောကြီးတစီးကို နိုဝင်ဘာ ၂၅ ရက်တည်းက ပိတ်ပြီး ရပ်ထားခဲ့တာပါ။
ကျူးကျော်တဲ့ အပြုအမူအဖြစ် ၂ နိုင်ငံလုံးက အရာရှိတွေက စွပ်စွဲခဲ့ကြပါတယ်။ အပြန်အလှန် သဘောတူညီချက်အရ နှစ်နိုင်ငံလုံးဟာ ကတ်ခ်ျရေလက်ကြားကတဆင့် ပင်လယ်နက်နဲ့ ချိတ်ဆက်ထားတဲ့ အာ့ဇော့ဗ်ပင်လယ်ကို သုံးခွင့်ရှိပါတယ်။
ဒါပေမယ့် ရုရှားက ယူကရိန်းရဲ့ ခရိုင်းမီးယားဒေသကို ၂၀၁၄ မှာ သိမ်းပိုက်အပြီး ပင်လယ်ပတ်လည်မှာ တင်းမာမှု တိုးလာခဲ့ပါတယ်။
ရုရှားက ခရိုင်းမီးယားနဲ့ ရုရှားတောင်ပိုင်းကြားက ကတ်ခ်ျရေလက်ကြားကိုခွပြီး တံတားတစင်း ဆောက်ပြီးတဲ့အချိန်မှာ အာ့ဇော့ဗ် ပင်လယ်နဲ့ ပင်လယ်နက်ကြား ဆက်သွယ်ရေးကို ရုရှားက ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ရုရှားလိုလားတဲ့ ယူကရိန်းသမ္မတကို ပြည်တွင်းဆန္ဒပြပွဲတွေနဲ့ ဖြုတ်ချအပြီး ၂၀၁၄ မှာ ရုရှားက ယူကရိန်းရဲ့ ခရိုင်းမီးယားဒေသကို သိမ်းပိုက်ပါတယ်။
ရုရှားက ကျောထောက်နောက်ခံ ပေးထားတဲ့ ခွဲထွက်ရေး သူပုန်တွေနဲ့ ယူကရိန်း စစ်တပ်တို့ ယူကရိန်း အရှေ့ပိုင်းမှာ တိုက်ခိုက်ခဲ့ကြပါတယ်။
ဒီစစ်ပွဲတွေကြောင့် ယူကရိန်းနဲ့ ရုရှားကြား ဆက်ဆံရေးဟာ စစ်အေးခေတ်အပြီး အနိမ့်ဆုံးအဆင့်ကို ကျဆင်းခဲ့ပါတယ်။