Home
မြန်မာသတင်း
အခြားသီးနှံထက် အကျိုးအမြတ်အနည်းငယ်ပိုရ၍ မုံရွာတွင် ကြက်သွန်စိုက်သူ ပိုများလာ
DVB
·
November 25, 2018
တခြားသီးနှံနဲ့စာရင် ကြက်သွန်က အကျိုးအမြတ်အနည်းငယ် ပိုရရှိတဲ့အတွက် အခုနောက်ပိုင်း ကြက်သွန်ကို ဦးစားပေးစိုက်ပျိုးလာကြတယ်လို့ မုံရွာမြို့နယ် တောင်သူတွေက ပြောပါတယ်။ နှစ်စဉ်ကြက်သွန်စိုက်ချိန်ရောက်လာပြီဖြစ်လို့ မုံရွာမြို့နယ်က တောင်သူတွေ ကြက်သွန်တွေ စတင်စိုက်ပျိုးနေကြပြီး  ဒီနှစ်မှာ မျိုးစေ့အောင်တာ၊ တခြားသီးနှံထက် ကုန်ကျစရိတ်များပေမယ့် အနည်းငယ်အဆင်ပြေတာတွေကြောင့် ကြက်သွန်စိုက်တောင်သူ တိုးလာပါတယ်။ မုံရွာမြို့နယ် သမန္တာကျေးရွာ ကြက်သွန်စိုက်တောင်သူ  ဦးစိုးလင်းက “ကျနော်တို့ ဒေသမှာတော့ အိမ်တိုင်းလိုလို ကြက်သွန်စိုက်ကြတယ်။ မြေရှိတဲ့သူတွေက ကိုယ့်မြေကိုယ့်ယာမှာ ပုံမှန်စိုက်ကြသလို မြေမရှိတဲ့သူတွေကလည်း မြေငှားပြီး စိုက်ကြတယ်။ မနှစ်ကကျတော့ ရာသီဥတုကြောင့် ကြက်သွန်မျိုးမလောက်တော့ စိုက်ဧက နည်းတယ်။ ဒီနှစ်တော့ မျိုးက လုံလုံလောက်လောက်ရှိတော့ မျိုးရှိသလောက်စိုက်တဲ့သဘောပါ။” မနှစ်က ဒီအချိန်မှာ တောင်သူတွေ၊ နယ်ပွဲစားတွေလက်ထဲ ကြက်သွန်မကျန်တော့ပေမယ့် ဒီနှစ်မှာတော့ စိုက်ချိန်ရောက်တဲ့အထိ ပြည်ပတင်ပို့မှု မရှိတဲ့အတွက် ကျန်ရှိနေပါသေးတယ်။ လက်ရှိမှာ ဈေးကွက်အရ ၁ ပိဿာမှ ၇၀၀ ကျပ်ဝန်းကျင်သာရှိတဲ့အတွက်လည်း ကြက်သွန်လှောင်သူတွေ အဆင်မပြေဖြစ်နေကြတာလို့ ကြက်သွန်ပွဲစား တဦးက ပြောပါတယ်။ ကြက်သွန်က ရာသီဥတုအဆင်ပြေရင် ၁ ဧကကို ပိဿာချိန် ၄၀၀၀ ကျော်ကနေ ၆၀၀၀ ဝန်းကျင်ထိ ထွက်ပါတယ်။ ကုန်ကျစရိတ်အနေနဲ့လည်း ၁ ဧကကို ၁၅ သိန်းကျပ်ဝန်းကျင် ရှိပါတယ်။ စိုက်ပျိုးစရိတ်ချေးငွေ မလုံလောက်လို့ သွင်းအားစုတွေကို သီးနှံပေါ်ပေး အတိုးနဲ့ ကုမ္ပဏီတွေဆီက ယူနေကြရတာပါ။ နိုင်ငံတော်အနေနဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေ လုံလောက်အောင်ထုတ်ပေး စေချင်တယ်လို့ လည်း တောင်သူတွေက ပြောပါတယ်။ ဒီနှစ်မှာ မျိုးစေ့ဈေးက ၁ ပြည်ကို ၁ သိန်းကျပ်ထိ ရှိတဲ့အတွက် တချို့တောင်သူတွေက ဈေးသက်သာတဲ့ အိန္ဒိယမျိုးစေ့တွေကို ပြောင်းလဲ စမ်းသပ်တာတွေရှိပါတယ်။ ကြက်သွန်က သွင်းကုန်အစားထိုးဖြစ်ပြီး တနှစ်ထက် တနှစ် စိုက်ပျိုးသူ များလာတဲ့အတွက် နိုင်ငံတော်အနေနဲ့ ဈေးကွက်ခိုင်မာမှုရှိအောင် လုပ်ဆောင်ပေးစေချင်တယ်လို့လည်း တောင်သူတွေက ပြောပါတယ်။ သတင်းနှင့်ဓာတ်ပုံ - အောင်ကိုလတ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024