ရည်းစားအားသတ်ပြီး ဟင်းချက်စားခဲ့သည့် အမျိုးသမီးကို ယူအေအီးရဲ ဖမ်းဆီး

တခြားတစ်ယောက်နဲ့ လက်ထပ်တော့မယ့် ရည်းစားဖြစ်သူအား သတ်ပြီး ဟင်းချက်စားခဲ့တဲ့ အမျိုးသမီးတယောက်ကို ယူအေအီးရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ နိုဝင်ဘာ ၂၁ ရက်နေ့ Metro သတင်းမှာ ဖော်ပြပါတယ်။ ဟင်းသီးဟင်းရွက် ကြိတ်စက်အတွင်းမှာ သွားတချောင်းကို တွေ့ခဲ့ရာကနေ ဒီလိုဖမ်းဆီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလူသတ်မှုကို ကျူးလွန်သူဟာ မော်ရိုကို နိုင်ငံသူတဦးဖြစ်ပြီး သူမဟာ ယူအေအီးနိုင်ငံမှာ လာရောက်အလုပ်လုပ်နေသူ ဖြစ်ပါတယ်။ သူမဟာ ခုနစ်နှစ်လောက်တွဲခဲ့တဲ့ ရည်းစားဖြစ်သူကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာဖြစ်ပြီး သူ့ရဲ့အသားတွေကို ဟင်းအဖြစ်ချက်ပြုတ်ကာ ပါကစ္စတန် အလုပ်သမားတွေကို ကျွေးခဲ့တယ်လို့ သိရပါတယ်။ ဒီလူသတ်မှုဟာ ပြီးခဲ့တဲ့သုံးလလောက်က ဖြစ်ပွားခဲ့တာပါ။ အသတ်ခံရသူဟာ အဲဒီအချိန် ကတည်းက ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး သူနဲ့ပတ်သတ်လို့ ဘယ်လိုမှခြေရာခံနိုင်ခဲ့ခြင်း မရှိပါဘူး။ အဲဒီနောက်မှာတော့ သူ့ရဲ့ညီဖြစ်သူက ယူအေအီးကိုလိုက်လာပြီး အစ်ကိုဖြစ်သူကို ရှာဖွေခဲ့ကာ နောက်ဆုံးမှာမှ အသီးအရွတ် ကြိတ်စက်အတွင်း သက်သေကို တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။ စစ်ဆေးမှုတွေ ပြုလုပ်ပြီးချိန်မှာတော့ မော်ရိုကိုအမျိုးသမီးကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး သူမကလည်း ဒီလူသတ်မှုကို ကျူးလွန်တယ်လို့ ဝန်ခံခဲ့ပါတယ်။ လူသတ်တရားခံဟာ သေဆုံးသူကို ငွေကြေးအရ ကာလရှည်ထောက်ပံ့ခဲ့သူဖြစ်ပြီး သေဆုံးသူက တခြားအမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်တော့မယ်လို့ ပြောချိန်မှာ စိတ်မထိန်းနိုင်ဘဲ လူသတ်မှုကျူးလွန်ခဲ့တာလို့ ထွက်ဆိုပါတယ်။ အဲဒီနောက်မှာ သူမဟာ သူ့အသားတွေကို MACHBOOS လို့ခေါ်တဲ့ ဒံပေါက်လို ရိုးရာအစားအစာတခုမှာ ထည့်သွင်းချက်ပြုတ်ခဲ့တယ်လို့ ထောက်လှမ်းရေးအရာရှိတွေက ဆက်လက် ပြောကြားပါတယ်။ ဒီလူသတ်၊ အလောင်းဖျောက်မှုမှာ တခြားတယောက် ပါပါဝင်နေတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက သံသယရှိပေမယ့် စွပ်စွဲခံထားရသူများကတော့ ဒီကိစ္စကို လုံးဝသိရှိထားခြင်း မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up