သူ့တို့ရဲ့ အသံတွေ သိစေ၊ ကြားစေ
DVB
·
November 25, 2018
ဒီနေ့ဟာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး နိုင်ငံတကာနေ့ ဖြစ်ပါတယ်။ ကမ္ဘာတ၀န်း ကျား၊မ အခြေခံအကြမ်းဖက်မှုတွေကို ဆန့်ကျင်တဲ့ ၁၆ ရက်တာလှုပ်ရှားမှု စတင်တဲ့ နေ့လည်း ဖြစ်ပါတယ်။ ဒီနေ့မှာပဲ အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် အကြမ်းဖက်မှု ရပ်တန့် ရေးမှာ ပူးပေါင်းပါဝင်ကြဖို့ မြန်မာနိုင်ငံရှိ အမျိုးသား၊ အမျိုးသမီးတွေနဲ့ သက်ဆိုင်သူ အားလုံးကို ဒိန်းမတ်၊ ဖင်လန်၊ နော်ဝေနဲ့ ဆွီဒင် သံတမန်တွေအနေနဲ့ တိုက်တွန်းလိုက်ပါတယ်။
အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် အကြမ်းဖက်မှုဟာ ကမ္ဘာတ၀န်းမှာ ကျယ်ကျယ် ပြန့်ပြန့် အဖြစ်အများဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေထဲက တခုဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ ကျူး လွန်ခံရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေအပေါ် အကြီးအကျယ် ထိခိုက်ပျက်စီးစေတဲ့ ရာဇ၀တ်မှု တခုဖြစ်သလို လူ့အသိုင်းအ၀န်းတခုလုံးကိုလည်း ထိခိုက်မှုရှိစေပါတယ်။
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပုံစံတွေထဲမှာ အနှောင့်အယှက်ပေးတာ၊ လိင်ပိုင်း ဆိုင်ရာစော်ကားတာ၊ အဓမ္မကျင့်တာ၊ လူကုန်ကူးတာ၊ ရင်းနှီးသူရဲ့အကြမ်းဖက်မှုနဲ့ သတ်ဖြတ်မှု တွေ ပါဝင်ပါတယ်။ ခေတ်နောက်ပြန်တဲ့ ကျားမဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ ဘက်လိုက်တဲ့ အစွဲတွေ၊ မထိရောက်တဲ့ ဥပဒေတွေ၊ မူဝါဒတွေနဲ့ လူမှုအဖွဲ့အစည်းတွေ ဒါတွေအားလုံးဟာ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေအောင် ဖန်တီးပေးနေတာပါ။ ဒီစိန်ခေါ်မှုတွေ အားလုံးဟာ မြန်မာပြည်မှာရှိနေသလို ဒိန်းမတ်၊ ဖင်လန်၊ နော်ဝေနဲ့ ဆွီဒင်နိုင်ငံတို့မှာလည်း ရှိပါတယ်။
ယခုနှစ် ၁၆ ရက်တာ လှုပ်ရှားမှုမှာ အကြမ်းဖက်မှုကနေ ရှင်သန်လွတ်မြောက်လာသူတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ အမျိုးသမီးကွန်ရက်တွေအပြင် မြန်မာနဲ့ ကမ္ဘာအနှံ့က အဖွဲ့အစည်း တွေဟာ “ Hear Me Too” ဆိုတဲ့ ကြွေးကြော်သံ ဆောင်ပုဒ်နဲ့ စုစည်းလှုပ်ရှားကြမှာပါ။
(Hear Me Too ဆိုတာ ငါကြုံခဲ့ဖူးတာကိုလည်း ကြားနာပေးပါ နားထောင်ပေးပါလို့ အဓိပ္ပာယ် ရပါတယ်)
ဒီသတင်းစကားဟာ ကြားနာမှုရရှိခွင့်ဆိုတဲ့ အခြေခံအကျဆုံး လူ့အခွင့်အရေးတခုကို အသိ အမှတ်ပြုလိုက်တာပါ။ ဘယ်သူမဆို၊ ဘယ်နေရာမှာ နေနေ၊ အလုပ်ထဲမှာဖြစ်ဖြစ်၊ နိုင်ငံရေး ထဲမှာဖြစ်ဖြစ်၊ ကိုယ့်နေအိမ်အ၀န်းအ၀န်းမှာပဲ ဖြစ်ဖြစ် ကိုယ့်အသံကို သူများတွေက ကြားနာတဲ့ အခွင့်အရေး ရှိပါတယ်။
လိင်အကြမ်းဖက်ခံခဲ့ရသူတွေဟာ တရားမျှတမှုကို ရှာဖွေတောင်းခံတယ်ဆိုတာ ရှားရှားပါးပါး ပါ။ ဒါဟာ အရှက်ကြောင့်၊ အယုံအကြည်မဲ့တာကြောင့် ဒါမှမဟုတ် အရိုးရှင်းဆုံးပြောရရင် အကြမ်း ဖက်မှုနဲ့ ပတ်သက်လို့ တုံ့ပြန်ဆောင်ရွက်ပေးတဲ့ ၀န်ဆောင်မှုတွေ မရနိုင်တာကြောင့်ဖြစ်ပါတယ်။
လက်နက်ကိုင် ပဋိပက္ခနဲ့ လူအုပ်စုချင်း အကြမ်းဖက်မှု အခြေအနေတွေမှာဆိုရင် အမျိုးသမီး တွေနဲ့ မိန်းကလေးတွေအပေါ် အကြမ်းဖက်မှုက ပိုလို့တောင်ဆိုးဝါးပြီး သူတို့ရဲ့ မိသားစုတွေနဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက လူတွေကို အင်မတန် ကြောက်ရွံ့စေပါတယ်။ အမျိုးသမီးနဲ့ အမျိုးသားတွေအပေါ် အကျိုးသက်ရောက်မှုရှိတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ အချိန်ကြာလာတဲ့ အခါမှာ ရန်လိုမှုတွေ ရပ်စဲသွားဖို့နဲ့ အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်သွားဖို့ ကြားဝင်ဆောင်ရွက်ပေးဖို့ကိစ္စတွေဟာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး တည် ဆောက်ရာမှာ မရှိမဖြစ်ကို လိုအပ်ပါတယ်။
ဒီပြဿနာအပေါ် အပြည့်အ၀ချဉ်းကပ်ဆောင်ရွက်ဖို့၊ ကျယ်ကျယ်ပြန့်ပြန့်အသိပေးဖို့နဲ့ ကိုင် တွယ်ဖြေရှင်းရာမှာ လိုအပ်တဲ့ နားလည်မှုတွေ တိုးတက်ရရှိလာဖို့အတွက် အကြမ်းဖက်မှု ဘေးရန်ကနေ လွတ်မြောက်လာသူတွေရဲ့ အတွေ့အကြုံတွေက တဆင့် သင်ယူ ဆွေးနွေးတာတွေ လုပ်ဖို့ လိုပါတယ်။
ဒီလုပ်ငန်းစဉ်ကို အားပေးကူညီဖို့နဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့အတွက် အစိုးရရဲ့ အခန်းကဏ္ဍက အရေးပါပါတယ်။ ဒါ့အပြင် ကျား၊မ အရေးနဲ့ ပတ်သက်တဲ့ သတ်မှတ်ချက်တွေနဲ့ လှေနံဓားထစ် ပုံစံခွက် အတွေးအခေါ်တွေပြောင်းလဲကြဖို့၊ အကြမ်းမဖက်တဲ့ လူမှုရေးစံနှုန်းတွေ သတ်မှတ်ဖို့နဲ့ အမျိုးသားတွေနဲ့ ယောကျာ်းလေးတွေ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်လာအောင် လုပ်ဆောင်ဖို့ကလည်း မရှိမဖြစ် အရေးပါလှပါတယ်။
မြန်မာအစိုးရနဲ့ အရပ်ဖက်လူမှုအသိုင်းအ၀န်းကပုဂ္ဂိုလ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အတူ ဒီလိုဆွေးနွေးမှုတွေနဲ့ ပြောင်းလဲမှုတွေ အောင်မြင်အောင် စတင်လုပ်ဆောင်ဖို့ စကင်ဒီနေးဗီး ယားနိုင်ငံတွေအနေနဲ့ ပံ့ပိုးကူညီပေးနေပါတယ်။
နမူနာပြရရင် ကျား၊မ အခြေခံတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ရပ်ရွာအဆင့်တွေမှာ ပိုမို အသိရှိလာအောင်လုပ်တာ၊ ကျား၊မ တန်းတူရေးနဲ့ပတ်သက်လို့ ဦးဆောင်လမ်းပြဆောင်ရွက်တဲ့ အမျိုးသားခေါင်းဆောင်တွေ အရေအတွက် ပိုများလာတာနဲ့ အကြမ်းဖက်မှုအပေါ် တုံ့ပြန် ဆောင်ရွက်တဲ့ လုပ်ငန်းတွေကို တိုးမြှင့် စီမံဆောင်ရွက်လာတာ စတဲ့ အလားအလာကောင်းတဲ့ ရလဒ်တွေ မြင်တွေ့နေရတယ်။
၁၆ ရက်တာလှုပ်ရှားမှုကာလအတွင်းမှာ မြန်မာနိုင်ငံရှိ အမျိုးသမီးကွန်ရက်တွေနဲ့ အဖွဲ့အစည်း တွေဟာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေတခု ပြဋ္ဌာန်းနိုင် အောင်နဲ့ ၁၉၉၇ခုနှစ်မှာ မြန်မာနိုင်ငံက အတည်ပြု လက်မှတ်ရေးထိုးခဲ့တဲ့ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး နိုင်ငံတကာ သဘောတူညီချက်ကို စောင့်ထိန်း လိုက်နာဖို့ ဆက်လက် စည်းရုံးလုပ်ဆောင်ကြပါမယ်။
ဥပဒေပြဋ္ဌာန်းချက်တွေဟာ တကယ့်ကို အရေးကြီးပါတယ်။ ဒါဟာ လူ့အသိုင်းအ၀န်းက လက်ခံယုံကြည်စွာ ထုတ်ဖော်ပြသထားတဲ့ မရှိမဖြစ် အရေးပါတဲ့ တန်ဖိုးတွေဖြစ်တယ်။ ဥပဒေတွေ ဟာ စာရွက်ပေါ်မှာသာ ရှိရမှာ မဟုတ်ပါဘူး။ ဥပဒေလိုက်နာအောင် လုပ်ရတဲ့ဌာနတွေ၊ ကျန်း မာရေး စောင့်ရှောက်မှု ကျွမ်းကျင်ပညာရှင်တွေ၊ ဆရာဆရာမတွေနဲ့ လူမှုအသိုင်းအ၀န်း အပါအ၀င် ဆက်နွှယ်ပတ်သက်နေသူအားလုံးနဲ့ ချိတ်ဆက်ညှိနှိုင်းပြီး အကောင်အထည်ဖော်ကို ဖော်ရမှာပါ။ ဒါတွေကို ကျနော်တို့ နိုင်ငံတွေရဲ့ အတွေ့အကြုံကနေ ကျနော်တို့ သိရှိပြီးဖြစ်ပါတယ်။
အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ်အကြမ်းဖက်မှုက ကာကွယ်ဖို့အတွက် ပြီးပြည့်စုံတဲ့ ဥပဒေ ပြဋ္ဌာန်းထုတ်ပြန်ပေးဖို့ ဒိန်းမတ်၊ ဖင်လန်၊ နော်ဝေနဲ့ ဆွီဒင်နိုင်ငံဆိုင်ရာ သံရုံးတွေအနေနဲ့ မြန်မာ အစိုးရကို ယနေ့ နိုဝင်ဘာ ၂၅ ရက်မှာ ထပ်လောင်းတိုက်တွန်းပါတယ်။ အမျိုးသမီးနဲ့ မိန်းက လေးတွေအပေါ် အကြမ်းဖက်မှုရပ်တန့်ရေးလှုပ်ရှားမှုမှာ မြန်မာအမျိုးသားတွေနဲ့ အမျိုးသမီးတွေ အားလုံး ပါဝင်ကြဖို့လည်း သက်ဆိုင်သူအားလုံးကို တောင်းဆိုလိုက်ပါတယ်။
ဓာတ်ပုံ- ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် နာဒီရာ မူရတ်ဒ်
(ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံက ဒန်းနစ်မူကွာဂီနဲ့ အီရတ်နိုင်ငံက နာဒီရာမူရတ်ဒ်တို့ကို စစ်ပွဲနဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုကို လက်နက်သဖွယ်အသုံးပြုမှု ရပ်တန့်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုတွေအတွက် ၂၀၁၈ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ပေးအပ်ကြောင်း နော်ဝေ နိုဘယ်လ်ဆုရွေးချယ်ရေး ကော်မတီက ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။)
(Hear Me Too ဆောင်ပုဒ်မှာ ငါ့ကိုလည်း ကြားနာပေးပါ၊ ငါ့ကိုလည်း နားထောင်ပေးပါဟု အဓိပ္ပာယ်ရှိပါသည်။ Me Too လှုပ်ရှားမှုသည် လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ အကြမ်းဖက်မှု ခံခဲ့ရသော အမျိုးသမီးတို့၏ ကိုယ်တိုင် ထုတ်ဖော်ပြောကြားသည့် လှုပ်ရှားမှုအဖြစ် ၂၀၁၇ ခုနှစ်အတွင်း ကျယ်ပြန့်လာခဲ့သည်။ ယင်းအမျိုးသမီးတို့၏ ပြောကြားမှုကို နားထောင် ပေးရန် အတွက် Hear Me Too လှုပ်ရှားမှုကို ဖော်ဆောင်ခြင်း ဖြစ်သည်။ ဘာသာပြန်သူ)