Home
မြန်မာသတင်း
ထိရှလွယ်သည့် ပဋိပက္ခသတင်းများရေးသားမှု မီဒီယာကောင်စီ ကြီးကြပ်ပေးရန် သမ္မတပြော
DVB
·
November 24, 2018
ထိရှလွယ်တဲ့ ပဋိပက္ခသတင်းတွေ ရေးသားထုတ်လွှင့်တာနဲ့ ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေတွေကို လိုက်နာကြဖို့ သတင်းမီဒီယာကောင်စီက ကြီးကြပ်စေလိုတယ်လို့ သမ္မတက ပြောပါတယ်။ မနေ့က သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ သတင်းမီဒီယာကောင်စီဝင်တွေ ကတိသစ္စာပြုတဲ့ အခမ်းအနားမှာ ပြောခဲ့တာပါ။ “နိုင်ငံတော် အစိုးရရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်လျှောက်လှမ်းနေချိန်မှာ သတင်းမီဒီယာတွေအနေနဲ့ တိုင်းရင်းသားအချင်းချင်းအကြား အမုန်းတရားတွေ၊ ပဋိပက္ခတွေ ပြင်းထန် မြင့်မားမလာအောင် ရှောင်ရန်၊ ဆောင်ရန် အချက်တွေ ကိုလည်း သတင်းမီဒီယာကောင်စီက ဦးဆောင်ချမှတ်ပေးဖို့ လိုပါတယ်။ ထိလွယ်ရှလွယ်တဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေနဲ့ ပတ်သက်ရင် ဘယ်လိုဖော်ပြရမယ်၊ ဘယ်အရာတွေကို သတိပြုရမယ် စတဲ့ ပဋိပက္ခသတင်းဆန်ဆန် ရေးသားထုတ်လွှင့်မှုတွေနဲ့ ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေ စည်းမျဉ်း စည်ကမ်းတွေကို လိုက်နာပေးကြဖို့ သတင်းမီဒီယာကောင်စီက ကြီးကြပ်စေလိုပါတယ်” လို့ ပြောပါတယ်။ အကျိုးအကြောင်းနဲ့ ဝေဖန်ထောက်ပြမှု မရှိရင် ဒီမိုကရေစီမရှိနိုင်ဘူးလို့ လက်ခံထားပြီး အပြုသဘော အမြင်နဲ့ ရေးသားထောက်ပြဖို့လည်း သမ္မတက ပြောပါတယ်။ “ကျနော်တို့ ဆွေးနွေးပြောဆို ငြင်းခုံမှု၊ အကျိုးအကြောင်းနဲ့ ဝေဖန်ထောက်ပြမှုတွေ မရှိရင် ဒီမိုကရေစီ မရှိနိုင်ဘူးဆိုတာ လက်ခံထားပါတယ်။ ဝေဖန်ထောက်ပြတဲ့အခါမှာလည်း ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီပန်းတိုင်ရောက်ရှိရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးကို ဦးတည်ပြီးအပြုသဘောအမြင် ဖြစ်စေလိုပါတယ်။ အပြုသဘောအမြင်နဲ့ ရေးသားထောက်ပြကြ သော်လည်း တင်ပြပုံ၊ တင်ပြနည်း မမှန်ကန်ပါက အထင်အမြင်လွဲမှားပြီး ခုတ်ရာတခြား ရှရာတလွဲ ဖြစ်ကာ အပျက်သဘောသက်ရောက်သွားနိုင်တာကိုလည်း သတိချပ်ရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ပြီးတော့ အစိုးရအနေနဲ့ ဒီမိုကရေစီရေးအတွက် သတင်းမီဒီယာရဲ့ ဥပဒေနဲ့အညီလွတ်လပ်ခွင့်ဟာ အရေးပါတယ်ဆိုတာကို နားလည်သဘောပေါက်ပြီး ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းဖြစ်လာဖို့ မီဒီယာ ကောင်စီရဲ့ အခန်းကဏ္ဍဟာလည်း အလွန်အရေးပါတဲ့နေရာမှာရှိတယ်လို့ ခံယူထားတယ် လို့လည်း ဆိုပါတယ်။ လမ်းရိုးလမ်းဟောင်းကနေ လမ်းသစ်ကို ဖောက်ထွက်နေရတဲ့အခါ ရှောင်လွှဲလို့မရတဲ့ အခက်အခဲ အကျပ်အတည်းတွေရှိပြီး ရှားရှားပါးပါးရထားတဲ့ ဒီမိုကရေစီ အပင်ပေါက်လေးရှင်သန်ကြီးထွားရေးကို အားလုံး အလေးအနက်ထားကြစေလိုတယ်လို့လည်း ပြောပါတယ်။ “၂၁ ရာစုမှာ ပြည်သူတွေ သိချင်တဲ့ကိစ္စ များပြားလာတာနဲ့ အမျှ သတင်းမီဒီယာများဘက်ကလည်း အဖြစ်အပျက်မှန်ဖို့၊ အချက်အလက်တိကျခိုင်လုံဖို့၊ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးကို ထိခိုက်နစ်နာမှု ရှိ၊ မရှိ ဆင်ခြင်တုံတရားထားရှိဖို့၊ တည်ငြိမ်အေးချမ်းမှု မပျက်ပြားစေရန် သတိထားဖို့၊ နိုင်ငံတော်ရဲ့ လုံခြုံရေးကို စောင့်ထိန်းဖို့ စသည်တို့ကို ဂရုစိုက်ရန် လိုအပ်မှာဖြစ်ပါတယ်” လို့ သမ္မတက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024