အတိတ်က စိတ်ပျက်စရာများကို ချန်ထားခဲ့မည်ဟု အမေရိကန်သမ္မတလောင်း ပြော

3.4K
အမေရိကန် ပြည်ထောင်စုရဲ့ နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ အိုးဘားမားနဲ့ ယှဉ်ပြိုင် အရွေးချယ်ခံမယ့် ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း မစ်ရွန်နီက အရင် ၄ နှစ်က စိတ်ပျက်စရာတွေကို နောက်မှာ ချန်ရစ်ထားခဲ့ဖို့ ပြောပါတယ်။
ဖလော်ရီဒါ တန်ပါမှာ ကျင်းပတဲ့ ရီပတ်ဘလီကန် ပါတီညီလာခံမှာ အခုလို ပြောဆိုလိုက်တာပါ။ သူ့ကို အမေရိကန် သမ္မတလောင်းအဖြစ် ရွေးချယ်တာကိုလည်း လက်ခံတဲ့အကြောင်း ပါတီဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်တွေကို သူက ပြောပါတယ်။
“ဒီနေ့ ကျနော်တို့ တိုင်းပြည်မှာ လိုအပ်နေတာက ရှုပ်ထွေးတာတွေ မဟုတ်ပါဘူး၊ အမေရိကန်တွေ လိုနေတာက အလုပ်အကိုင်တွေပါ၊ အလုပ်အကိုင် အများကြီးပါ” လို့ သူက ပြောပါတယ်။
သမ္မတ အိုးဘားမားကိုလည်း စွမ်းအင်ကဏ္ဍမှာ အမှီအခိုကင်းရေး၊ အသုံးစရိတ် လိုငွေ ဖြတ်တောက်မှုနဲ့ အလုပ်အကိုင် ဖန်တီးမှုတွေမှာ ကတိအတိုင်း လုပ်ဆောင် မပေးခဲ့ဘူးလို့လည်း သူက စွပ်စွဲလိုက်ပါတယ်။
“အနာဂတ်က အတိတ်လောက် မကောင်းဘူးလို့ ယုံကြည်နေတဲ့ အမေရိကန် အများစုကို အာမခံနိုင်တာက အိုဘားမား ပြန်အရွေးခံရရင် ဒါတွေဟာ အမှန်တကယ်ဖြစ်လာမှာပါ၊ အမေရိကန်ကို အောင်မြင်ချင်လို့ အိုဘားမားကိုလည်း အောင်မြင်စေချင်ပါတယ်။ ဒါပေမယ့် သူပေးတဲ့ ကတိတွေက စိတ်ပျက်စရာ ကောင်းစေပါတယ်။ ဒါကို လက်မခံနိုင်သလို အခု ကျနော်တို့မှာ တစုံတရာ လုပ်နိုင်တဲ့ အခွင့်အရေးရှိပါတယ်။ အားလုံးရဲ့ အကူအညီနဲ့ ကျနော်တို့ တခုခုလုပ်ရမယ်” လို့လည်းသူက ပြောပါတယ်။
သူ့ရဲ့ မိန့်ခွန်းကို သန်းနဲ့ချီတဲ့ အမေရိကန်တွေက ရုပ်သံကနေ တဆင့် ကြည့်ရှုခဲ့ကြပါတယ်။ မဲပေးတဲ့သူတွေကို အမေရိကန် စီးပွားရေး ပြန်လည် တည်ဆောက်တာနဲ့ သန်းနဲ့ချီတဲ့ အလုပ်အကိုင်တွေကို ဖန်တီးရာမှာ ကူညီဖို့လည်း ရွန်နီက ပြောပါတယ်။
သူရဲ့ မိန့်ခွန်းဟာ ရီပတ်ဘလီကန် ကိုယ်စားလှယ်တွေအတွက် အားတခု ဖြစ်စေတယ်လို့လည်း ညီလာခံ တက်ရောက်တဲ့ ကိုယ်စားလှယ်တွေက ပြောပါတယ်။
ရွန်နီနဲ့ အိုဘားမားတို့က စစ်တမ်းတွေအရ ကွာဟချက် မရှိပေမယ့်လည်း ဒီညီလာခံက ရွန်နီအတွက် ပိုအားကောင်းစေမှာလည်း ဖြစ်ပါတယ်။
နောက်ဆုံးရ ရိုက်တာ/အိုင်ပီအိုအက်စ် (Reuters/Ipsos) အင်တာနက် စစ်တမ်းအရ အိုဘားမားက ၄၄ ရာခိုင်နှုန်း၊ ရွန်နီက ၄၂ ရာခိုင်နှုန်းနဲ့ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံချက်ကို ရထားပါတယ်။
ရှေ့အပတ်တွေမှာ မြောက်ကာရိုလိုင်းနားမှာလည်း ဒီမိုကရက်တစ်ပါတီရဲ့ ညီလာခံကျင်းပဖို့ ရှိနေပါတယ်။ အိုဘားမားက ရွန်နီနဲ့ ယှဉ်လိုက်ရင် အားသာချက်တွေ ရှိနေတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။