A d v e r t i s e m e n t With Us

ချစ်သူခေါင်းတလားရှေ့ ငိုကြွေးခဲ့သည့်ဘုန်းကြီး ပြကွက်ကြောင့် ဆင်ဆာထိခဲ့သည့် ရုပ်ရှင် (ရုပ်သံ)

ထိုင်းရုပ်ရှင်ကားတကားထဲမှာ သေဆုံးသွားတဲ့ ချစ်သူမိန်းကလေးရဲ့ ခေါင်းတလားရှေ့မှာ ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ ဘုန်းကြီးတပါးရဲ့ သရုပ်ဆောင်မှု ပြကွင်းပြကွက်တွေ ပါဝင်နေတဲ့အတွက် ဆင်ဆာစိစစ်မှုတွေ လုပ်ဆောင်နေရတယ်လို့ ခေါင်ဆွတ် သတင်းတပုဒ်မှာ နိုဝင်ဘာ ၂၁ ရက်နေ့က ဖော်ပြပါတယ်။ Thi Baan The Series 2.2 အမည်ရတဲ့ ရုပ်ရှင်ထဲမှာပါတဲ့ အဓိကဇာတ်ကောင် ဘုန်းကြီးရဲ့ ခုလို သရုပ်ဆောင်မှုဟာ ထိရှလွယ်တဲ့ အတွက်ကြောင့်မို့ ခုလို စိစစ်ရတာဖြစ်တယ်လို့ ထိုင်းရုပ်ရှင်ဒါရိုက်တာ အုပ်စုတစုက ဘန်ကောက်အခြေစိုက် အနုပညာနဲ့ ယဉ်ကျေးမှုစင်တာမှာ နိုဝင်ဘာ ၂၁ ရက်နေ့က ပြောလိုက်ပါတယ်။ ထိုင်းရုပ်ရှင်ဒါရိုက်တာများအဖွဲ့က ကိုယ်စားလှယ်တွေကတော့ ဆင်ဆာဘုတ်အဖွဲ့အနေနဲ့ ဒီကားကို ပြန်ပြီး ကြည့်ရှုသုံးသပ်တဲ့အချိန်မှာ သင့်တော်တဲ့စံနှုန်းတွေနဲ့ အကဲဖြတ်ဖို့ တောင်းဆိုနေကြတာပါ။ “တခြား ထိုင်းရုပ်ရှင်ကားတွေ အများကြီးမှာတောင် ထိုင်းဘုန်းကြီးတွေရဲ့ ခုလို အနေအထားထက် ပိုဆိုးဝါးတဲ့ အခန်းတွေ ပါနေတာတောင် ဆင်ဆာအဖွဲ့က ခွင့်ပြုပေးခဲ့သေးတာပဲ” လို့ ဒါရိုက်တာ ဘန်ဒစ်သောင်ဒီးက ပြောပါတယ်။ ထိုင်းရုပ်ရှင်ဒါရိုက်တာများအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒါရိုက်တာတဦးဖြစ်တဲ့ သနစ် ဂျစ်တ်နူကာလ်က ရုပ်ရှင်ထဲမှာပါတဲ့ ဒီအခန်းတွေကို ဖြတ်တောက်လိုက်ဖို့ အစတည်းက သဘောတူခဲ့ပေမယ့် ပရိသတ်တွေကို တန်ဖိုးထားတဲ့အတွက် ခုလိုထားခဲ့တာလို့ ပြောပါတယ်။ “တကယ်လို့ အဲဒီအခန်းတွေကို ဖြတ်လိုက်တယ်ဆိုရင် ရုံတင်ပြသလို့ ရပြီပေါ့။ ဒါပေမယ့် ပရိသတ်တွေက အကောင်းဆုံးအခန်းတွေ မပါဘူးဆိုရင်တော့ တကြိမ်ပဲပေါ့။ ဒါမျိုးက အရင်တုန်းကလည်း အများကြီး ဖြစ်ခဲ့ဖူးပါတယ်။” လက်ရှိမှာတော့ ဒီရုပ်ရှင်ကားကို ရုံတင်ပြသဖို့ အချိန်ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားလိုက်တာပါ။ ခုလိုမျိုး ဆင်ဆာခွင့်ပြုချက် အပြည့်အဝမရတဲ့ ရုပ်ရှင်ကားဟာ ဒါ ပထမဆုံးတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကလည်း သွေးပျက်ထိတ်လန့်ဖွယ်ရုပ်ရှင် Arbat ကို သက်ဆိုင်ရာက ဆင်ဆာပိတ်ခဲ့ပါသေးတယ်။ ရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကိုရင်လေးရဲ့ သရုပ်ဆောင်မှုဟာ အမြင်မသင့်တော်တဲ့ အပြုအမူနဲ့ ပုံရိပ်ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရုပ်ရှင်စတူဒီယိုက ပြန်လည်တည်းဖြတ်ပြီးတော့မှ ဆင်ဆာဘုတ်အဖွဲ့ဆီ ပြန်တင်သွင်းခဲ့ရတာ ဖြစ်ပါတယ်။ သနစ်ကတော့ “နောက်ဆုံးမှာတော့ ကျနော်တို့မှာ ကံကောင်းမှုအပေါ်ကို ပုံချထားလိုက်ရုံပဲ ရှိတော့တာပဲ” လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up