Home
ဆောင်းပါး
ဗိုင်းရပ်စ်တွေကို ဖယ်ရှားပြီး ချစ်ခြင်းတရားနဲ့ တိုင်းပြည်သာယာရေး ခရီးဆက်ကြပါစို့
DVB
·
November 22, 2018
ဗိုင်းရပ်စ်ဆိုတာ အဖျက်ပိုးကိုခေါ်တဲ့ နည်းပညာ အမည်နာမတခုပါပဲ။ ဒီဗိုင်းရပ်စ်ဟာ ကျနော်တို့တိုင်းပြည်ရဲ့ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ တန်းတူညီမျှ အတူတကွအရေး၊ ငြိမ်းချမ်းရေး စတဲ့ အချက်တွေကို ပြည်သူတွေကြား ကောင်းကောင်းကြီး သွေးခွဲလှိုက်စားနေတာ တွေ့ရပါတယ်။ ဒါကတော့ အဖျက်ကောင်တွေရဲ့ ဝါဒမှိုင်း ဗိုင်းရပ်စ်ကို အဆုံးမရှိ ပြည်သူတွေထဲ ပို့လွှတ်ပေးနေတဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် အကောင့်တုများနဲ့ သတင်းအတုတွေ ထုတ်လုပ်တဲ့ Page တွေပါပဲ။ “မြန်မာနိုင်ငံမှာ လတ်တလော ဆိုရှယ်မီဒီယာနဲ့ ပတ်သက်ပြီး ကျနော်တို့ သတင်းလောကကို အနှောင့်အယှက်ပေးနေတာတွေ အများကြီးတွေ့ရတယ်။ ကျနော်တို့ သတင်းယူတဲ့အခါ လက်ကိုင်ဖုန်း သုံးနေသူတွေကလည်း တိုးဝှေ့ပြီး လုယက် ဓာတ်ပုံ ဗွီဒီယိုတွေ ရိုက်ကြတယ်။ တကယ်တမ်း သတင်းယူတဲ့ မီဒီယာတွေအနေနဲ့ကျတော့ အခက်အခဲတွေဖြစ်တယ်။ ပြီးတော့ အဲ့လိုဟာတွေရှိတော့ တချို့ဆို မင်းတို့မီဒီယာတွေက လွန်လွန်းတယ်။ ဘာညာနဲ့ သတင်းသမားတွေ ရောရောင်ပြီး အပြောခံရတာတွေနဲ့ ကြုံဖူးတယ်” လို့ သတင်းသမားတဦးက ဆိုပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ် မတိုင်ခင်က မိုဘိုင်းဖုန်းဆင်းကတ်တွေ အဖိုးနည်းလာတာနဲ့အမျှ အသုံးပြုသူတွေဟာ တဖြည်းဖြည်း များပြားလာခဲ့တာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ဇန်နဝါရီလအထိ မြန်မာပြည်မှာ မိုဘိုင်းဖုန်းအသုံးပြုသူဟာ စစ်တမ်းတခုအရ ၅၃ သန်းကျော် ရှိနေပြီလို့လည်း သိရပါတယ်။ “ဆင်းကတ်တွေကလည်း လူတွေအတွက် အလွယ်တကူရနေတယ်။ ဟန်းဆက်တွေကလည်း ဈေးချိုလာတယ်။ တောနေကျေးလက်အထိ မိုးဘိုင်းဖုန်း အသုံးပြုနိုင်ပြီဖြစ်တဲ့ ကျေန်ာတို့နိုင်ငံမှာ နည်းပညာက ခုန်တက်လာတော့ အခုဆို ဖေ့စ်ဘွတ်ခ်လို့ခေါ်တဲ့ လူမှုကွန်ရက် အသုံးပြုသူတွေဟာ လူကြီး ကလေး ဘုန်းကြီး သီလရှင် သင်းအုပ်ဆရာ အလွှာစုံ အရွယ်စုံ ဖြစ်လာတယ်။ ဒါပေမယ့် အများအားဖြင့်တော့ လူမှုကွန်ရက်လို့ ခေါ်တဲ့ ဖေ့စ်ဘွတ်ခ်ကို အကျိုးရှိရှိ အသုံးမပြုနိုင်သေးတော့ ဒီကနေတဆင့် ဆိုးကျိုးတွေ အများကြီး ဖြစ်ပေါ်နေတယ်” လို့ ကလေးမြို့နေ ဦးမြင့်သန်းက ဆိုပါတယ်။ မြန်မာနိုင်ငံထဲမှာ ဖေ့စ်ဘွတ်ခ်အသုံးပြုသူဟာ ဗိုက်ဘာ၊ ယူကျု အပါအဝင် တခြား ဆက်သွယ်ရေး ဆိုရှယ်နက်ဝပ်တွေထက် အများအပြား ရှိလာနေပြီး အသုံးပြုသူ ၉၀ ရာခိုင်နှုန်းကျော်အထိ တိုးတက်နေတယ်လို့လည်း အွန်လိုင်းသုတေသန ပြုလုပ်သူတွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ ဒီလို ဖေ့စ်ဘွတ်ခ်အွန်လိုင်းကို တွင်တွင်ကျယ်ကျယ် အများအပြား အသုံးပြုလာတဲ့အခါမှာ ကောင်းကျိုး ဆိုးကျိုးတွေဟာလည်း တသီတတန်းကြီး ဖြစ်ပေါ်လာပါတယ်။ “အခု ဆိုရှယ်မီဒီယာ ဖေ့စ်ဘွတ်ခ်ကို အသုံးပြုများလာတဲ့အပေါ် လုံခြုံရေးအပိုင်းမှာ ကျနော်တို့ ရုံးလုပ်ငန်းအပိုင်းတွေ စာရွက်စာတမ်းတွေကို တချို့ မသိဘဲ ရိုက်တင်တာတွေရှိတော့ ဆိုးပါတယ်။ တခြားကောင်းကျိုးလည်း ရှိပါတယ်။ ဒါကတော့ သတင်းပိုင်းအတွက်ကျတော့လည်း မြန်မြန်ဆန်ဆန် သိရတာလေးတွေ ရှိတယ်လေ” လို့လည်း ကလေးမြို့နယ် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးညီညီက ဆိုပါတယ်။ “ဆိုရှယ်မီဒီယာ ဖေ့စ်ဘွတ်ခ်ဟာ ကောင်းပါတယ်။ ဒါပေမယ့် လွဲမှားတဲ့နေရာမှာ အသုံးပြုတဲ့အခါ လူမှုအဖွဲ့အစည်းအတွင်း လုံခြုံမှု ချိုးဖောက်နေတာတွေ ဖြစ်တယ်။ ဝန်ထမ်းအချို့တွေရဲ့ လုပ်ငန်းတာဝန်တွေကို စာနာနားလည်မှု မရှိဘဲ တခုခုဆို အကြောင်းအရာ မလေ့လာဘဲ ဓာတ်ပုံရိုက် ဖေ့စ်ဘွတ်ခ်တင်တာတွေ ရှိတယ်။ အဲ့လိုတွေဖြစ်တော့ ပြဿနာဖြစ်တော့ မှားမှားမှန်မှန် ဝန်ထမ်းတွေက အရေးယူခံကြရပါတယ်။ အဲ့လိုဖြစ်လာတော့ ဝန်ထမ်းတွေဘက်ကလည်း အလုပ်လုပ်ရတာ စိတ်ပျက်တာတွေဖြစ်တယ်။ ဒေါသထွက်တဲ့အလျောက် တခါတလေ တမင်တကာကို လုပ်ပစ်မိတာတွေလည်း ရှိလာတယ်။ တကယ်တော့ ဒါဟာ ဆိုးဝါးပါတယ်။ ခုက ဖုန်းကင်မရာကိုပဲ ကြောက်ကြောက်နဲ့ တာဝန်ထမ်းဆောင်နေရတယ်” လို့လည်း ဝန်ထမ်းတဦးက ဆိုပါတယ်။ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်က အကောင့်တုတွေဟာ အမှန်တကယ်ကို အသုံးပြုသူ အများစုအတွက် နိုင်ငံရေး လူမျိုးရေး ဘာသာရေးတွေမှာ မီးပုံပေါ် ဓာတ်ဆီလောင်းပေးနေသလို ဖြစ်ပေါ်နေတာကိုလည်း အများစုက လက်ခံလာတာကို ယနေ့ တွေ့နေရပါတယ်။ “အကောင့်တုတွေကတော့ သူများကို သတ္တိမရှိဘဲ ဖိုက်တင်လုပ်တာ မပေးဆပ်ရဲတာလို့ ယူဆတယ်။ အကောင့်တုတွေက ဘာတွေလုပ်လဲဆိုတော့ သူတို့အကောင့်တွေကနေ တဖက် နိုင်ငံရေး အားနည်းချက်တွေ ထောက်တယ်။ ဒါကလည်း သူကိုယ်တိုင် သိတာမဟုတ်ဘူး။ ဒါတွေကိုတော့ ယုံကြည်မှု အားနည်းတယ်။ ပါတီနိုင်ငံရေးမှာဆို အန္တရာယ်များတယ်။ တဖက်နဲ့ တဖက် မဆင်မခြင် တိုက်ခိုက်မှုတွေ ဘာသာရေးအရလည်းကောင်း၊ လူမျိုးရေးအရသော်လည်းကောင်း ဖိုက်တာတွေ တွေ့ရတယ်။ ဒါလေးတွေက ရေရှည်ကြတော့ ဘယ်သူဘယ်ဝါ ကုလားလား၊ ဗမာလား၊ ချင်းလား မသိရဘူး။ အဲ့ဒါလေးတွေကတော့ အကောင့်တုနဲ့ ဆက်စပ်တဲ့ ဝန်းကျင်ကို ထိခိုက်နေတယ်။ သူငယ်ချင်းချင်းဆို ကိုယ့်အကောင့်ထဲမှာ လူမျိုး ဘာသာစုံရှိတော့ LIKE ပေးမကောင်း ကွန်းမန့်မကောင်း ဖြစ်တယ်။ ဒါဆိုတော့ အကောင့်တုတွေကိုတော့ လက်ခံဖို့မသင့်ဘူး။ အကောင့်တုတွေနဲ့ မီဒီယာ ဂျွိုင့်မလုပ်တာ ကောင်းတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ်ကပါ မီဒီယာဗိုင်းရပ်စ်တွေ ကူးသွားတာပေါ့” လို့လည်း စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းကော်မတီဝင် ဦးခင်မောင်သန်း (တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း) ကလည်း ပြောပါတယ်။ ယနေ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး လူမျိုးရေး ပဋိပက္ခတွေ နှစ်ဖက်ပါတီ လူမျိုးရေး ဘာသာရေးအကြား စနစ်တကျ အန္တရာယ်ပေးနေတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်တုတွေအပြင် ဖေ့စ်ဘွတ်ခ် Page နဲ့တင်တဲ့ သတင်းတုတွေကလည်း မြန်မာနိုင်ငံ ဖေ့စ်ဘွတ်ခ်သုံးသူတွေကို သတင်းအမှားတွေနဲ့ အန္တရာယ်စကားလုံးတွေ အမုန်းစကားတွေ တမင်တကာကို ရည်ရွယ်ချက်ရှိရှိ ဘေကုန်ခံပြီး ဓာတ်ဆီလောင်းနေသလိုပါပဲ။ “ဖေ့စ်ဘွတ်ခ်အကောင့်တုတွေ သတင်းတုတင်တဲ့ ပေ့ခ်တွေဟာဆိုရင် တို့နိုင်ငံမှာ နိုင်ငံရေး ဘာသာရေး လူမှုရေး ကွဲပြားလာတဲ့အထိ သက်ရောက်မှုရှိတယ်။ လူတဦးနဲ့တဦး အပြင်မှာဆိုရင် ဆက်ဆံရေးအခြေအနေ သာမန် အေးဆေးပဲ။ လူမှုစာမျက်နှာပေါ် ရောက်တာနဲ့ အချင်းချင်း အရင်က ဘယ်လိုလက်တွဲခဲ့ လက်တွဲခဲ့၊ အတူတူနေခဲ့နေခဲ့ အတိတ်တွေကို မေ့ပြီး ပဋိပက္ခတွေ ဖြစ်အောင်ကို သွေးထိုးတယ်။ နှစ်ပေါင်း အတော်ကြီး လက်တွဲခဲ့တဲ့သူတွေကို ဒီလိုဖြစ်တယ်။ မြန်မာနိုင်ငံက ဖေ့စ်ဘွတ်ခ်နဲ့ပတ်သက်ပြီး အသိပညာ အားနည်းမှုတွေ ခံစားချက်တွေကို မထိန်းသိမ်းဘဲ မှန်မှန်မှားမှား ချတယ်။ ခံယူချက်က ဘာမှန်းမသိဆိုသလို ဖြစ်တယ်” လို့လည်း ကလေးမြို့ မင်္ဂလာဥယျာဉ် စာသင်တိုက်က အခန်းနေ ဦးဇင်းတပါးဖြစ်တဲ့ ဦးရေဝတက မိန့်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ ရွေးကောက်ပွဲအပြီးမှာတောင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရတော့ ကွန်းမန့်တခု ထူးထူးခြားခြား ထင်ယောင်မှား အချက်အလက်နဲ့ သွေးခွဲခံခဲ့ရတဲ့အကြောင်းနဲ့ ပတ်သက်ပြီးလည်း ဦးခင်မောင်သန်းက ခုလိုပြောပါတယ်။ “သူရေးတာတွေ ဟုတ်မလိုလိုနဲ့ ဗိုင်းရပ်စ်တွေ သဘောအားဖြင့် ကျနော်တို့ အကောင့်တုနဲ့ တမူးမှာ ဘာလုပ်လဲဆိုတော့ 'တမူးမှာ ပြည်ခိုင်ဖြိုး နိုင်မှာပေါ့ဗျာ။ တမူးမှာ မွတ်ဆလင်တွေ အများကြီးရှိတော့ အဲဒါတွေကို စကတ်ကားပေါ်မှာ ဦးထုပ်တွေ ကြံခိုင်ရေးအလံတွေတင် ဆောင်းခိုင်းပြီး သွားနေတော့' လို့ ကွန်းမန့်တွေ့တယ်။ ဒါက အကောင့်တုနဲ့ မန့်တာ။ ဟိုမှာက မွတ်ဆလင်မပြောနဲ့ ဗလီတောင်မရှိတဲ့မြို့ဗျာ။ ချင်းနဲ့ ဗမာ များတာကို အကောင့်အတုနဲ့ မန့်လိုက်တော့ မကောင်းတော့ဘူး။ ဒီနယ်ကတော့ သိတယ်လေ။ ဒါပေမယ့် ကျန်တဲ့ ၃၃၀ လောက် မြို့တွေက တကယ်ထင်သွားမှာပေါ့။ ပုံတွေလည်း မဟုတ်တာတွေ လျှောက်ထည့်တာပေါ့။ အရင်ကပုံတွေကို အရင် ၂၀၁၀ လောက်က ပုံတွေနဲ့ တွဲတင်တော့ ကျန်တဲ့မြို့တွေကတော့ ထင်ရောင်ထင်မှား ဖြစ်သွားနိုင်တယ်။” လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ရဲ့ သက်ရောက်မှုတွေဟာ ဆိုးကျိုးချည်းရယ်တော့ မဟုတ်ပါဘူး။ ကောင်းကျိုးတွေလည်းရှိနေတာ တွေ့ရပါတယ်။ ဒါပေမယ့် လက်ရှိမှာ ဖေ့စ်ဘွတ်ခ်ကို အသုံးချပြီး ကျနော်တို့နိုင်ငံမှာ လူမျိုးရေး ဘာသာရေး နိုင်ငံရေးဆိုတဲ့ အရေးတွေကို တမင်တကာကို ရည်ရွယ်ချက်ရှိရှိ ပဋိပက္ခတွေဆီ တွန်းပို့နေသလိုပါပဲ။ ဒါကြောင့် ပြီးခဲ့တဲ့နှစ်ကပဲ ဖေ့စ်ဘွတ်ခ် မြန်မာအဖွဲ့ဟာ မြန်မာနိုင်ငံက ဖေ့စ်ဘွတ်ခ်အကောင့်တု ၅ သန်းကျော်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း ကြေညာထားခဲ့ပါတယ်။ အကောင့်တု သတင်းတုတွေမှာတင်တဲ့ ပို့စ်အတော်များများမှာ လူမျိုးကြီးဝါဒတွေ ပါလာတော့ အန္တရာယ်များတယ်။ အကောင့်တုတွေက လူသားမျိုးနွယ်စုရဲ့ တန်းတူညီမျှမှုကို မသိမရှိတော့ဘဲနဲ့ ကျေန်ာက ဇာတ်ကြီး မျိုးနွယ်ကြီး လူကြီးဆိုပြီး ကျန်တဲ့သူတွေကိုပါ သွေးထိုးသလို လုပ်တယ်။ လွတ်လပ်စွာ ရေးသားနိုင်ပါတယ်။ ဒါပေမယ့် တစုနဲ့တစု တနွယ်နဲ့တနွယ်ကြား ကြီးမားတဲ့ အန္တရာယ်ဖြစ်စေတဲ့ စကားလုံးတွေကိုတော့ မသုံးသင့်ဘူး။ ဒါကို ကျနော်တို့နိုင်ငံ ဖေ့စ်ဘွတ်ခ်သုံးသူတွေ ငြင်းဆန်ရမယ်။ ဒါမှ ဖေ့စ်ဘွတ်ခ်ရဲ့ ဆိုးကျိုး ထိုးနှက်ချက်တွေ မသက်ရောက်မှာ” လို့လည်း ကလေးမြို့ အရပ်ဘက်အဖွဲ့တခုရဲ့ အကြီးအကဲက ဆိုပါတယ်။ “ဒီမိုကရေစီနိုင်ငံမှာ ငြိမ်းချမ်းစွာ အတူတကွနေထိုင်ရေး လက်ခံရမယ်။ ဒါပေမယ့် အသီးသီး နိုင်ငံတွေရဲ့ စည်းကမ်းဥပဒေတွေကိုတော့ လိုက်နာရမယ်။ သူ့အကန့်နဲ့သူပေါ့။ ကျနော်တို့လည်း ဘယ်သွားသွား သူ့နိုင်ငံစည်းကမ်းနဲ့ နေတော့ ဘာမှမဖြစ်ဘူးလေ။ ဒါကိုပဲ ရန်ပွားအောင် အတုတွေက သွေးထိုးတော့ အသိနုတဲ့လူတွေက ယုံကြတယ်။ အဲ့ဒီမှာ ပြဿနာတွေ ဖြစ်တော့တာပဲ” လို့လည်း အန်အယ်လ်ဒီ ပါတီဝင်တဦးက ဆိုပါတယ်။ တကယ်တော့ နိုင်ငံ လက်ရှိအခြေအနေမှာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကို အသုံးပြုသူတွေအနေနဲ့ အကောင့်တုတွေ၊ သတင်းပေ့ခ်ျ အတုတွေက တင်တဲ့ ပို့စ်တွေကို မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အလေးမထားဘဲ သတင်းတွေ စကားလုံးတွေကို ဦးနှောက်နဲ့ စဉ်းစားပြီး တိုင်းပြည်တိုးတက်ရေးအတွက် အတူတကွ လက်တွဲပြီး တဦး တဖွဲ့ တဘာသာ တလူမျိုး အရောင်စုံ လူ့အသိုင်းအဝိုင်းကြား လေးစားယုံကြည်ပြီး တိုင်းပြည်ကို လက်တွဲ တည်ဆောက်မယ်ဆိုရင်ဖြင့် အပေါ်ယံထက် အတွင်းကျကျသိဖို့ ကြိုးစားအားစိုက်မယ်ဆိုရင် ချစ်ခြင်းနဲ့ တိုင်းပြည်ကို တည်ဆောက်မယ်ဆိုရင်ဖြင့် ….. ။            ။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024