Home
မြန်မာသတင်း
ဗိုလ်ကြီး ၁ ဦးအား ပလောင်တပ်ဖွဲ့က ဖမ်းသွားပြီးနောက် ရွာသား ၅ ဦးကို တပ်မတော်ဖမ်းဆီး
နန်းမြနဒီ
·
November 22, 2018
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက တပ်မတော်အရာရှိတဦး တီအန်အယ်လ်အေ ပလောင်တပ်ဖွဲ့ရဲ့ ဖမ်းဆီးခံရပြီးနောက် ပန်ကူကျေးရွာသား ငါးဦးကို တပ်မတော်က ပြန်ဖမ်းဆီးသွားတယ်လို့ ရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ နိုဝင်ဘာ ၁၉ ရက်ညက ကွတ်ခိုင်မြို့နယ်၊ မန်ပန်ရွာကထိန်ပွဲကို မြန်မာတပ်မတော်အရာရှိ တဦးက ယူနီဖောင်းနဲ့ လက်နက်ကိုင်ပြီး ရောက်လာစဉ် ပလောင်တပ်ဖွဲ့ရဲ့ ဖမ်းဆီးခံခဲ့ရတာပါ။ နောက်တနေ့ နိုဝင်ဘာ ၂၀ ရက်မှာတော့ ပန်ကူရွာက ပလောင်တပ်ဖွဲ့ဝင်တဦးရဲ့ အမျိုးသမီးနဲ့ မွေးကင်းစကလေး အပါအဝင် ၅ ဦးကို မြန်မာတပ်မတော်က လာရောက် ဖမ်းဆီးသွားတယ်လို့ ပန်ကူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအိုက်ဆာမ်က ဒီဗွီဘီကို ပြောပါတယ်။ “ပန်ကူရွာထဲကို တပ်မ ၉၉ နဲ့ ၄၅ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ဝင်တွေ ရောက်လာတယ်။ ကလေးအမေတယောက်၊ သူ့ကလေးနှစ်ယောက်နဲ့ သူတို့ဆီလာလည်တဲ့ ဧည့်သည်နှစ်ယောက်ပါ လာဖမ်းခေါ်သွားတယ်။ အဖမ်းခံရတဲ့ အမျိုးသမီးရဲ့ ယောက်ျားက တီအန်အယ်လ်အေနဲ့ အဆက်အသွယ်ရှိတယ်။ သူတို့ကိုဖမ်းသွားတော့ တရွာလုံးလည်း ကြောက်လန့်နေကြတာပေါ့နော်။ ကျနော်လည်း မနေ့က ကွတ်ခိုင်အခြေစိုက် တပ်မတော်ဗျူဟာရုံးကို လိုက်သွားပြီး သူတို့ကို ပြန်လွှတ်ပေးဖို့ ပြောတယ်။ အဲဒါ ဗျူဟာမှူးနဲ့တော့ မတွေ့ဘူး။ ဂျီတူးနဲ့တွေ့တယ်။ သူက ဘယ်လိုပြောလဲဆိုတော့ ခင်ဗျားတို့ တီအန်အယ်လ်အေက ကျနော်တို့ ဗိုလ်ကြီးတယောက်ကို ဖမ်းသွားတယ်။ အဲဒါကို မကျေနပ်လို့ သူတို့အမျိုးသမီးကို ပြန်ဖမ်းတာ။ ငါတို့လူကို မလွှတ်မချင်း သူ့မိန်းမကို မလွှတ်ပေးဘူးလို့ ပြောတယ်။” ဖမ်းဆီးခံထားရတဲ့ ရွာသားတွေကတော့ အသက် ၂၂ နှစ်ရွယ်ရှိ မအာမ်လူ၊ အမည်မပေးရသေးတဲ့ ၁၆ ရက်သား ကလေးငယ်တယောက်နဲ့ အသက် ၁ နှစ်ကျော်အရွယ်  သမီးဖြစ်သူ အေးဟွမ်အပြင် အိမ်လာလည်တဲ့ အသက် ၂၅ နှစ်အရွယ် နန်းအီနဲ့ အသက် ၂၄ နှစ်ရွယ် အမည်မသိ အမျိုးသားတဦးတို့ ဖြစ်ကြပါတယ်။ တပ်မတော်အရာရှိတဦးကို ဖမ်းဆီးထားတာနဲ့ ပတ်သက်လို့ တီအန်အယ်လ်အေ ပြန်ကြားရေးကလည်း အတည်ပြု သတင်းထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၂၀ ရက် မနက် ၃ နာရီလောက်က နမ့်ဟူးရွာနဲ့ မန်ပန်ရွာကြားမှာ ကားတစီးကို ရပ်တန့်စစ်ဆေးခဲ့ရာမှာ ကားပေါ်မှာ ကွတ်ခိုင်အခြေစိုက် ခလရ ၄၅ က ဗိုလ်ကြီးအဆင့်ရှိသူ ချမ်းမြေ့ထွန်းကို လက်နက်ကျည်တွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။ လက်နက်နဲ့အတူ ဖမ်းမိတဲ့ အဲဒီတပ်မတော်အရာရှိကို PSLF/TNLA ရဲ့ ဥပဒေအရ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024