Home
အနုပညာ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ (ရုပ်သံ)
DVB
·
November 22, 2018
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ဖြစ်ရပ်မှန် ဒရာမာရုပ်ရှင် ပရိသတ်တွေအကြိုက် The Front Runner ! ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီတခုဖြစ်တဲ့ Columbia Pictures က တင်ဆက်လိုက်တာဖြစ်ပြီး ကနေဒီယန်-အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Jason Reitman က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကတော့ အမေရိကန် နိုင်ငံရေးသမိုင်းမှာ ထင်ရှားခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Gary Hart အကြောင်းကို ပုံဖော် ရိုက်ကူးပေးထားတာပါ။ သူဟာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု ပါတီသမ္မတလောင်း ဖြစ်လာပြီးတဲ့နောက်မှာ ရုပ်ရည်ချောမောမှု၊ ဉာဏ်ရည်ထက်မြက်မှုနဲ့ ကရုဏာတရား ကြီးမှုတွေကြောင့် နာမည်ကျော်ခဲ့ပေမယ့် လိင်အရှုပ်တော်ပုံတခုကြောင့် သမ္မတဖြစ်ခွင့် ဆုံးရှုံးလိုက်ရသူတဦးပါ။ ဒီကားထဲမှာတော့ သူ့ရဲ့ ဘဝဇာတ်ကြောင်းတွေကို ဘယ်လိုပုံဖော် ဖန်တီးထားမလဲဆိုတာကို ပရိသတ်တွေ မကြာခင် စောင့်မျှော် ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။ အဓိကဇာတ်ကောင် Gary Hart နေရာမှာတော့ X-Men ရုပ်ရှင် Series တွေနဲ့ နာမည်ကြီးတဲ့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသား Hugh Jackman က သရုပ်ဆောင်ထားပြီး သူနဲ့အတူ အမေရိကန် သရုပ်ဆောင်မင်းသမီး Vera Farmiga, မင်းသား J.K. Simmons တို့က ပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေနဲ့ ပြကွင်း ပြကွက်တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ IMDb မှာလည်း Rating 6.7 ထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကို နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Toronto International Film Festival မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့က ပြသခဲ့ပြီး ချီးကျူးမှုတွေလည်း ရရှိထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၁၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကို အမေရိကန်နိုင်ငံမှာ နိုဝင်ဘာ ၆ ရက်နေ့က စတင်ပြသခဲ့ပြီး တကမ္ဘာလုံးမှာတော့ မကြာခင် ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ Hollywood 3D Computer Animated Movie အမျိုးအစားကြိုက်တဲ့ ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Ralph Breaks the Internet ! ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီတခုဖြစ်တဲ့ Walt Disney Pictures က တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် ရုပ်ရှင်ဒါရိုက်တာ ၂ ဦးဖြစ်တဲ့ Rich Moore နဲ့ Phil Johnston တို့က တွဲဖက်ရိုက်ကူး ပုံဖော်ပေးထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ Wreck-It Ralph ရုပ်ရှင်ကားရဲ့ နောက်ဆက်တွဲအဖြစ် ထွက်လာခဲ့တဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဗွီဒီယိုဂိမ်းထဲက လူဆိုးကြီး Ralph နဲ့ သူ့ရဲ့ အပေါင်းအပါ လူ့ခွစာ ကောင်မလေး Vanellope တို့ဟာ Vanellope ရဲ့ ဗွီဒီယိုဂိမ်း Sugar Rush ကို ကယ်တင်ဖို့အတွက် အစားထိုး အစိတ်အပိုင်းတခုကို ရှာဖွေဖို့အတွက် World Wide Web ထဲကို ခရီးဆန့်ချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ။ နောက်ပြီး ဒီကားထဲမှာ ထူးထူးခြားခြား အင်တာနက်ကမ္ဘာထဲက Disney World ကို ရောက်ရှိသွားချိန်မှာ ပရိသတ်တွေ သိကြပြီးဖြစ်တဲ့ Anna၊ Ariel၊ Moana၊ Cindrealla၊ Elsa၊ Snow White၊ Mulan စတဲ့ ဇာတ်ကောင်မင်းသမီးလေးတွေနဲ့ ဆုံတွေ့ကြပြီး ဘယ်လိုတွေ ကြုံတွေ့ရမလဲ ဆိုတာတွေကို ရှုစားကြရမှာပါ။ ဒီကားရဲ့ အဓိကဇာတ်ကောင် Ralph နဲ့ Vanellope နေရာတွေမှာတော့ အမေရိကန် သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ John C. Reilly နဲ့ Sarah Silverman တို့က အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြပြီး တခြားသရုပ်ဆောင်တွေ အများကြီးက အသံနဲ့ အားဖြည့် ပါဝင်ထားကြတာ ဖြစ်ပါတယ်။ Wreck-It Ralph 2 ရုပ်ရှင်ကားဟာ IMDb မှာလည်း Rating 8.4 အထိ ရရှိထားတဲ့ ရုပ်ရှင်ကားတကားဖြစ်ပြီး ဇာတ်ကောင် Character တွေ၊ Animation အထူးပြုလုပ်ချက်တွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေအတွက် ချီးကျူးမှုတွေ အများကြီးရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၁၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် နိုဝင်ဘာ ၂၁ ရက်နေ့ ရုံတင်ပြသသွားမှာဖြစ်ပြီး Box Office မှာတော့ ရုံတင်မယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၅ သန်း ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ မူဗီခရေဇီတွေကို ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ မြန်မာ အချစ်ဟာသ ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ဖရဲသီးမော်ဒယ် ! ဒီကားကိုတော့ ပါဝါကင်း ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး လုံမရဲ့ ဇာတ်လမ်းကို နေစိုးသော်က ဇာတ်ညွှန်းခွဲထားတာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ခြေထောက်တဖက်မသန်တဲ့ ဒုက္ခိတ အစ်ကိုတယောက်နဲ့အတူ နေထိုင်ရင်း ဖရဲသီးရောင်းနေရတဲ့ ကောင်မလေးတယောက်ရဲ့ အိပ်မက်က သရုပ်ဆောင်မင်းသမီးဖြစ်ဖို့။ အဲဒီလိုဖြစ်လာဖို့အတွက် ဘယ်လိုအခက်အခဲတွေ၊ အတားအဆီးတွေနဲ့ ကြုံတွေ့ရမလဲ။ အခက်အခဲတွေ၊ ရယ်မောပျော်ရွှင်စရာတွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ကြေကွဲခံစားရမှုတွေနဲ့ ရိုက်ကူးထားတဲ့ ဒီကားကိုတော့ ပရိသတ်တွေ မကြာခင် ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသား ခန့်စည်သူ၊ ဇေရဲထက်တို့နဲ့အတူ သရုပ်ဆောင်မင်းသမီး ဝတ်မှုန်ရွှေရည်က ခေါင်းဆောင်ပါဝင်ထားကြပြီး တခြား သရုပ်ဆောင်တွေအနေနဲ့ ခင်လှိုင်၊ ဒိန်းဒေါင်၊ နွယ်ဒါလီထွန်း၊ တက္ကသိုလ်ဂွမ်းပုံ စတဲ့ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာပါ။ ဖရဲသီးမော်ဒယ် ရုပ်ရှင်ကား အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပြီး ရုပ်ရှင်နမူနာဟာလည်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျော်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် နိုဝင်ဘာ ၂၃ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ နာမည်ကြားလိုက်တာနဲ့ ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်ကြမယ့် ဒဏ္ဍာရီသူရဲကောင်း ရုပ်ရှင်ကား - Robin Hood ! စွန့်စားမှုအသားပေး Action Adventure ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ ဗြိတိန် ရုပ်ရှင်ဒါရိုက်တာ Otto Bathurst က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ Robin Hood ဆိုတာကတော့ ဗြိတိန် ရိုးရာဇာတ်လမ်း ပုံပြင်တွေထဲက ရဲစွမ်းသတ္တိရှိတဲ့ တောပုန်းဓားပြတဦးဖြစ်ပြီး လေးမြားနဲ့ ဓားသိုင်းအတတ် ထူးချွန်သူတဦး ဖြစ်ပါတယ်။ ချမ်းသာကြွယ်ဝသူတွေဆီက လုယက်ပြီး မရှိဆင်းရဲသားတွေကို မျှဝေပေးတဲ့ သူရဲကောင်းအဖြစ် ထင်ရှားသူတဦးပါ။ ဒီကားထဲမှာတော့ ရုပ်ရှင်အဖြစ် အသက်သွင်း ပုံဖော်ထားတဲ့ Robin Hood ရဲ့ စွန့်စားခန်းတွေကို ပရိသတ်တွေ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Robin Hood အဖြစ် Kingsman ရုပ်ရှင်နဲ့ လူသိများတဲ့ သရုပ်ဆောင်မင်းသား Taron Egerton က ဦးဆောင်ပါဝင်ထားပြီး သူ့ရဲ့သူငယ်ချင်း Little John နေရာမှာတော့ အမေရိကန် သရုပ်ဆောင်မင်းသား Jamie Foxx တို့က သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။ အိုင်းရစ်ခ်ျမင်းသမီး Eve Hewson ကတော့ Robin Hood နဲ့ မေတ္တာမျှခဲ့သူ Marian နေရာက သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ကြမ်းကြမ်းရမ်းရမ်း တိုက်ခိုက်မှုတွေ၊ သွေးထွက်သံယို အက်ရှင်ပြကွက်တွေ၊ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေ ပါဝင်နေတာမို့ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေကို မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၁၆ မိနစ်ရှိတဲ့ Robin Hood ရုပ်ရှင်ကားကို လာမယ့် နိုဝင်ဘာ ၂၁ ရက်နေ့ ရုံတင်ပြသသွားမှာဖြစ်ပြီး Box Office မှာတော့ ဒီကားကို ရုံတင်ပြသမယ့် ပထမ သီတင်းပတ်မှာတင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၇ သန်းနီးပါး ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံး မိတ်ဆက်ပြောပြပေးမယ့် ရုပ်ရှင်ကားကတော့ မြန်မာအချစ်ဟာသ ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။ မင်္ဂလာရက်မြတ်လို့ အမည်ရပါတယ်။ ဒီကားကိုတော့ ရွှေစည်တော် ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဂေါ်စိန်ရဲ့ ဇာတ်လမ်းကို ကိုကျော်က ဇာတ်ညွှန်းခွဲပေးထားတာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဒါရိုက်တာ ကျော်ဇောလင်းက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ တွဲပြီး သရုပ်ဆောင်တာ မတွေ့ရတာကြာပြီဖြစ်တဲ့ သရုပ်ဆောင် ပြေတီဦး၊ ထွန်းထွန်း၊ မိုးဟေကို၊ မိုးပြည့်ပြည့်မောင်တို့က ခေါင်းဆောင်ပါဝင်ထားကြပြီး ဘယ်လိုအလွဲအချော်တွေ၊ ကမောက်ကမဖြစ်ရပ်တွေနဲ့ ဟာသဇာတ်လမ်းပုံစံ ရိုက်ကူးထားလဲ ဆိုတာကို ပရိသတ်တွေ မကြာခင် ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ နိုဝင်ဘာ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ Junction City မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရုပ်ရှင်နမူနာဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၇ သိန်းကျော် ရှိနေခဲ့တာပါ။ မင်္ဂလာရက်မြတ် ရုပ်ရှင်ကားကိုတော့ လာမယ့် နိုဝင်ဘာ ၂၃ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို ဒီဗွီဘီ ရုပ်သံချန်နယ်မှာ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇း၃၀ နာရီမှာ ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ ကြာသပတေးနေ့ ည ၉း၃၀ နာရီ၊ စနေနေ့ နေ့လယ် ၁၂း၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉း၁၅ နာရီတို့မှာ ပြန်လည်ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေတဆင့်လည်း အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024