Home
မြန်မာသတင်း
ရိုက်တာသတင်းထောက် ၂ ဦး၏ အယူခံလျှောက်လွှာ ရန်ကုန်တိုင်းတရားရုံး လက်ခံ
DVB
·
November 22, 2018
နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အယူခံလျှောက်လွှာကို ရန်ကုန်တိုင်း တရားလွှတ်တော်က လက်ခံလိုက်တယ်လို့ သတင်းထောက်တွေရဲ့ရှေ့နေ ဦးသန်းဇော်အောင်က ဒီဗွီဘီကို ပြောပါတယ်။ စက်တင်ဘာ ၃ ရက်နေ့က သတင်းထောက်တွေအပေါ် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်တဲ့ စီရင်ချက်အမိန့်ကို လက်မခံနိုင်တာကြောင့် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၆၄ အရ တိုင်းတရားရုံးမှာ အယူခံတင်သွင်းခဲ့တာပါ။ သတင်းထောက်တွေရဲ့ရှေ့နေ ဦးသန်းဇော်အောင်က “ရန်ကုန်တိုင်းတရားလွှတ်တော်က လက်ခံလိုက်တာ အခုမှမဟုတ်ပါဘူး။ နိုဝင်ဘာလ ၅ ရက်နေ့မှာ အယူခံတင်ခဲ့တယ်၊ အဲဒီနေ့က လက်ခံတာ မခံတာ မသိခဲ့ရပေမယ့် နောက်နေ့မှာ လက်ခံတာ သိခွင့်ရခဲ့တယ်” လို့ ရှင်းပြပါတယ်။ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေအရ မှားယွင်းနေကြောင်းနဲ့ ထောင်ချခံထားရတဲ့ သတင်းထောက်နှစ်ယောက် အပြစ်မရှိကြောင်း အယူခံတင်သွင်းချက်တွေထဲမှာ ထည့်သွင်း ရေးသားထားပါတယ်။ အယူခံလွှာကို တိုင်းတရားရုံးက လက်ခံလိုက်ပေမယ့် ဘယ်နေ့ ဘယ်ရက်မှာ အမှုအတွက် လျှောက်လဲချက်ပေးရမယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။ “အယူခံကို တိုင်းတရားလွှတ်တော်က လက်ခံလိုက်တာကြောင့် နောက်ဆက်တွဲအနေနဲ့ လျှောက်လဲချက်တွေ ပေးရမယ်၊ လျှောက်လဲချက်ပေးရမယ့် ရက်ကိုတော့ တိုင်းတရားရုံးက လှမ်းခေါ်မှာဖြစ်တယ်၊ အယူခံကို လက်ခံလိုက်ပေမယ့်လည်း ဒီလထဲမှာ အမှုခေါ်နိုင်မယ်မထင်ဘူး၊ ဒီဇင်ဘာလလောက်မှ ဖြစ်နိုင်တယ်။” တရားဥပဒေစိုးမိုးရေး၊ သတင်းလွတ်လပ်ခွင့် ရရှိရေးနဲ့ ဒီမိုကရေစီဆိုင်ရာ ကတိကဝတ်တွေကို မြန်မာအစိုးရက လက်တွေ့အကောင်အထည်ဖော်တဲ့ အနေနဲ့ သတင်းထောက် နှစ်ယောက်စလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်တယ်လို့ ရိုက်တာသတင်းဌာနရဲ့ အယ်ဒီတာချုပ်က နိုဝင်ဘာ ၅ ရက် ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။ ရိုက်တာသတင်းထောက် နှစ်ယောက်ဟာ ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်ကတည်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အကျဉ်းကျခံထားရတဲ့ အချိန်ကာလ တနှစ်နီးပါး ရှိနေပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024