တောင်တရုတ်ပင်လယ်အတွင်း ကျင့်ဝတ်စည်းကမ်းဆိုင်ရာ ဆွေးနွေးမှု လုပ်မည်ဟု တရုတ်သမ္မတ ကတိပြု

ဓာတ်ပုံ - Reuters
1.1K
အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်း ကျင့်ဝတ်စည်းကမ်းဆိုင်ရာ ဆွေးနွေးမှုတွေကို ၃ နှစ်အတွင်း အပြီးသတ် လုပ်ဆောင်သွားမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုဝင်ဘာ ၂၀ ရက်နေ့မှာ ကတိပြုပြောကြားလိုက်ပါတယ်။
တရုတ်သမ္မတ ရှီက “တခြား အာဆီယံနိုင်ငံတွေနဲ့အတူ အများဆန္ဒအပေါ် အခြေခံပြီး ကျင့်ဝတ်ဆိုင်ရာ စည်းကမ်း ဆွေးနွေးမှုတွေကို ၃ နှစ်အတွင်း အပြီးသတ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဖိလစ်ပိုင်သမ္မတ ဒူတာတေးကလည်း “သမ္မတရှီရဲ့ အလည်ပတ်ခရီးစဉ်ဟာ နှစ်နိုင်ငံပြည်သူတွေ ကြီးပွားတိုးတက်ရေးနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို အထောက်အပံ့ဖြစ်ရာမှာ အပြန်အလှန် ကြိုးပမ်းဖို့ တွန်းအားသစ်တခု ဖြစ်စေတယ်” လို့ ပြောခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်အတွင်း ဆယ်စုနှစ်များစွာ မယုံကြည်မှုနဲ့ အငြင်းပွားမှုတွေ ဖြစ်နေပေမယ့် သမ္မတ ဒူတာတေးဟာ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒကို ကာလရှည် မဟာမိတ် အမေရိကန်ကနေ တရုတ်နိုင်ငံဆီကို ပြောင်းလဲမယ်လို့ ကြေညာခဲ့ပါတယ်။
အဲဒီလို ကြေညာပြီး ၂ နှစ်အကြာမှာ တရုတ်သမ္မတရှီက ဖိလစ်ပိုင်နိုင်ငံကို လာရောက်လည်ပတ်တာ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။