Home
ဆောင်းပါး
မြန်မာအင်ဂျင်နီယာနှင့် Technologists များ အလုပ်လက်မဲ့ ဖြစ်တော့မည်လော….????
DVB
·
November 21, 2018
မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ (MEngC) နှင့် တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာအဖွဲ့ (တ.သ.န) တို့အကြား သဘောတူစာချွန်လွှာ (MoU) ကို ၀၅-နိုဝင်ဘာ-၂၀၁၈ ရက်နေ့ နေပြည်တော်တွင် အသိအသက်သေ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ဦးဟန်ဇော်တို့ ရှေ့မှောက်၌ လက်မှတ်ရေးထိုးဟု ကြေးမုံသတင်းစာ (ရက်စွဲ။ ၀၆-နိုဝင်ဘာ-၂၀၁၈) တွင် ဖော်ပြပါရှိသည်ကို တွေ့ရသည်။ သတင်းအနှစ်ချူပ်အား ရုတ်တရက် ဖတ်လိုက်ရလျှင်ဖြင့် မြန်မာအင်ဂျင်နီယာ (အင်-ယာ) နှင့် Technologists များအတွက် အနာဂတ် တိုးတက်ဖွယ် အားတက်စရာ သတင်းတပုဒ်ဟု ယူဆနိုင်သော်လည်း ဖြည်းဖြည်းတွေး ရေးရေးပေါ်ဆိုသလို သုံးသပ်ရလျှင် ဤသဘောတူစာချွန်လွှာသည် အမှန်တကယ်တော့ "တရုတ် အင်-ယာနှင့် Technologists များအား မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ (MEngC) မှ အသိအမှတ်ပြုရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောတူညီချက်" ဟု ပေါ်လွင်လာသည်။ ဆိုလိုရင်းမှာ မြန်မာပြည်သို့ လာရောက် အလုပ်လုပ်ကိုင်မည့် ပြည်ပမှ အင်-ယာနှင့် technologists များသည် MEngC ၏ ခွင့်ပြုလက်မှတ် လိုအပ်သည်ကတကြောင်း၊ မြန်မာပြည်အနှံ့ China Belt-and-Road ဆိုင်ရာ Projects (CCCC ရန်ကုန်မြို့သစ်စီမံကိန်း၊ CITIC ကျောက်ဖြူဆိပ်ကမ်းနှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း၊ Petrochina၊ အခြားစီမံကိန်းများ..) အတွက် တရုတ်နိုင်ငံမှ အင်-ယာနှင့် Technologists များ အလုံးအရင်း မြန်မာပြည်သို့ မကြာမီ ဝင်ရောက်လုပ်ကိုင်နိုင်ရေးက တကြောင်း ဤသဘောတူညီချက်သည် Gate တံခါးသဖွယ် ဖြစ်သည်ဟု သုံးသပ်နိုင်သည်။ စာချွန်လွှာပါ အချက်များ ၁) အင်ဂျင်နီယာနည်းပညာဆိုင်ရာ လက်မှတ်များ နှစ်ဖက် အပြန်အလှန် စိစစ်အကဲဖြတ်ရေးနှင့် သက်ဆိုင်ရာနိုင်ငံ စည်းမျဉ်းနှင့်အညီ အသိအမှတ်ပြုရေး၊ ၂) နှစ်ဖက် အင်-ယာပညာရှင်လက်မှတ်များ အပြန်အလှန် အသိအမှတ်ပြုရေးကို သက်ဆိုင်ရာနိုင်ငံ စည်းမျဉ်းနှင့်အညီ ဆောင်ရွက်ရေး၊ ၃) MEngC မှ Washington Accord (WA) Signatory လျှောက်ထားခြင်းကို CAST (တ.သ.န) အဖွဲ့မှ အားပေးကူညီပေးရေး၊ ၄) WA အသိအမှတ်ပြု အင်-ယာလက်မှတ် ထုတ်ပေးခြင်းနှင့် ကျွမ်းကျင်လေ့ကျင့်မှုဆိုင်ရာ ကဏ္ဍအတွက် လေ့ကျင့်ပေးရေး၊ ၅) ASEAN Mutual Recognition Agreement on Engineering Services အတွင်း CAST (တ.သ.န) အဖွဲ့ ပါဝင်နိုင်ရန် MEngC မှ ကူညီပေးရေးတို့ ပါဝင်သည်။ သတင်းစဉ်အား သုံးသပ်ခြင်း MEngC နှင့် CAST (တ.သ.န) တို့ သဘောတူစာချွန်လွှာ လက်မှတ်ထိုးရာတွင် CAST (တ.သ.န) အဖွဲ့မှ လက်မှတ်ထိုးသူသည် Ms Xin Bing (Director of the Centre for Professional Training and Services, CPTS) ဟု ဖော်ပြထားသည်။ သို့သော် စာရေးသူ လေ့လာကြည့်ရာတွင် CAST (တ.သ.န) သည် တရုတ်နိုင်ငံ၏ အကြီးမားဆုံးသော သိပ္ပံနှင့် နည်းပညာအဖွဲ့ဖြစ်ပြီး Organizations (၁၀၅ ဖွဲ့)၊ local branches (၃၂ ဖွဲ့) တို့နှင့် ချိတ်ဆက်ထားသည်ဟု ၎င်းဝက်ဘ်ဆိုက် (http://english.cast.org.cn/) တွင် ဖော်ပြထားသော်လည်း Ms Xin Bing (Director ရာထူး) ဆိုသည်ကို မတွေ့ရသလို CPTS ဆိုသည့်အဖွဲ့လည်း မပါရှိပေ။ ဆိုတော့ကာ MoU လက်မှတ်ရေးထိုးသည့် ထို CPTS အဖွဲ့သည် CAST (တ.သ.န) နှင့် မည်သို့မည်ပုံ ပတ်သက်သည်ကိုတော့ မြန်မာအင်-ယာကောင်စီ (MEngC) မှ ပို၍သိလိမ့်မည်ဟု ယူဆပါသည်။ စာချွန်လွှာပါ ဖော်ပြချက်များအား သုံးသပ်ကြည့်ရအောင်။ စာချွန်လွှာပါ ဖော်ပြချက်များအား သုံးသပ်ခြင်း ၁) စိစစ်အကဲဖြတ်ရေး CAST (တ.သ.န) ၏ ဝက်ဘ်ဆိုက်တွင် China Engineering Education Accreditation Association (CEEAA) Accredited Programs list ကို အလွယ်တကူ ဝင်ရောက်လေ့လာနိုင်သည်။ မြန်မာပြည်၏ MEngC ဝက်ဘ်ဆိုက်တွင်လည်း မိမိတို့ Accredited Programs လုပ်ဆောင်နေမှု အသေးစိတ်ကို အလွယ်တကူ တွေ့ရှိနိုင်သဖြင့် အင်ဂျင်နီယာ နည်းပညာဆိုင်ရာ လက်မှတ်များကို နှစ်ဖက် အပြန်အလှန် စိစစ်အကဲဖြတ်ရေး ဆိုသည်မှာ အထူးမလိုအပ်ပေ။ ၂) အသိအမှတ်ပြုရေး ဤနေရာတွင် အသိအမှတ်ပြုရေး ဆိုသည့်ကိစ္စကတော့ စိတ်ဝင်စားစရာပါ။ WA (ကမ္ဘာ့နိုင်ငံတကာ အင်ဂျင်နီယာများ မဟာမိတ်အဖွဲ့) ၏ ၂၀၁၆ ခုနှစ်မှစ၍ Signatory ဖြစ်ခဲ့သည့် CAST (တ.သ.န) သည် လက်ရှိအဖွဲ့ဝင် မဖြစ်နိုင်သေးသည့် MEngC ထံမှ အသိအမှတ်ပြုမှု ရရှိရေး ကြိုးစားလာခြင်းပင်။ WA Signatory မဟုတ်သေးသည့် မြန်မာ အင်-ယာများသည် CAST (တ.သ.န) ၏ အသိအမှတ်ပြုချက် ရရှိရန် Engineering qualifications ဆိုင်ရာ တဦးချင်း အရည်အချင်းကိုသာ လုပ်ထုံးလုပ်နည်းအတိုင်း စိစစ်မည်ဖြစ်သဖြင့် တရုတ်နိုင်ငံဆိုင်ရာ Projects များတွင် ဝင်ရောက်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်း နည်းပါးမည်မှာ အသေအချာပင်။ သို့သော် အများသိထားသည့်အတိုင်း မြန်မာပြည်အစိုးရနှင့် ချုပ်ဆိုထားသည့် (ရန်ကုန်မြို့သစ်စီမံကိန်း၊ ကျောက်ဖြူဆိပ်ကမ်းနှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းများ အပါအဝင် နိုင်ငံတဝန်း အခြားစီမံကိန်းများ..) မကြာမီ စတော့မည်ဖြစ်သဖြင့် ထိုလုပ်ငန်းခွင်များတွင် တရုတ်နိုင်ငံမှ အင်-ယာများနှင့် Technologists များ အချိန်မီ ဝင်ရောက် လုပ်ကိုင်နိုင်ရေးတို့အတွက် MEngC ဘက်မှ အသိအမှတ်ပြုမှု ဦးစွာရရှိထားရေးသည် အဓိက သော့ချက်သဖွယ် အလွန်အရေးကြီးသည်။ Washington Accord Signatory ဖြစ်ခြင်းနှင့် အသိအမှတ်ပြုခံရမှု ကွာခြား WA ဝက်ဘ်ဆိုက် ဖော်ပြချက်အရ China ကိုယ်စားပြု CAST (တ.သ.န) အဖွဲ့သည် ၂၀၁၆ ခုနှစ်မှစ၍ Signatory (http://www.ieagreements.org/accords/Washington/signatories) ဖြစ်လာသည်။ ဤသို့ဆိုလျှင် ၂၀၁၆ ခုနှစ်မတိုင်မီ ဒီဂရီဘွဲ့ရသည့် တရုတ်နိုင်ငံမှ အင်-ယာနှင့် Technologists များသည် မိမိတို့ CAST (တ.သ.န) အဖွဲ့၏ accreditation ရှိထားသည့်တိုင်အောင် WA အဖွဲ့ဝင် နိုင်ငံများ၏ အသိအမှတ်ပြုစာရင်းတွင် အကျုံးဝင်မည်မဟုတ်ပေ။  ၂၀၁၆ ခုနှစ်နှ်င့် နှောင်းပိုင်း ဒီဂရီဘွဲ့ရဆိုမှသာ WA members အားလုံးနှင့် အကျုံးဝင်သည်ကို ဆိုလိုသည်။ သို့ပါ၍ CAST (တ.သ.န) အဖွဲ့၏ accreditation ရှိထားပြီး ၂၀၁၆ ခုနှစ် မတိုင်ခင်က တရုတ်နိုင်ငံမှ ဒီဂရီဘွဲ့ရများအနေဖြင့် အခြားနိုင်ငံတနိုင်ငံတွင် အလုပ် လုပ်လိုပါက ထိုသက်ဆိုင်ရာနိုင်ငံ Engineering Authority ၏ သတ်မှတ်စည်းကမ်းအတိုင်း ခွင့်ပြုလက်မှတ် လျှောက်ထားရမည်ဖြစ်သည်။ မြန်မာကိုယ်စားပြု MEngC သည် WA Signatory မဟုတ်သည့်အတွက် တရုတ်နိုင်ငံ အင်-ယာနှင့် Technologists များအား ၂၀၁၆ ခုနှစ် (မတိုင်မီ၊ နှောင်းပိုင်း) ဟူ၍ WA ဥပဒေသအတိုင်း ခွဲခြားလိုက်နာစရာမလိုဘဲ မိမိတို့ MEngC Accreditation နှင့်အညီ တဦးချင်းစိစစ်ပြီး ကိုက်ညီမှသာ အသိအမှတ်ပြုရန် လိုအပ်သည်။ တဦးတယောက်ချင်းစီ စိစစ်ခြင်းသည် အချိန်ကာလတခုအထိ ကြန့်ကြာနိုင်ပြီး မကြာမီစတော့မည့် တရုတ်စီမံကိန်းကြီးများအတွက် လွန်စွာ ထိခိုက်နိုင်သည်ကို စာဖတ်သူများ သတိပြုမိပေလိမ့်မည်။ ဤစီမံကိန်းများအတွက် တရုတ်နိုင်ငံအနေဖြင့် ၂၀၀၉ ခုနှစ်ကတည်းက အပတ်တကုတ် ကြိုးစားခဲ့ရပြီး ပြည်တွင်းမှ ခုခံမှုမျိုးစုံကို ကျော်လွှားခဲ့ ကျော်လွှားနေရဆဲ အခြေအနေမို့ တရုတ်နိုင်ငံ CAST (တ.သ.န) အဖွဲ့၏ အင်-ယာနှင့် Technologists များကို MEngC ၏ အသိအမှတ်ပြုလာရေးဆိုသည့် MoU အား ချိန်ကိုက်မြန်ဆန် ဆောင်ရွက်လာခြင်းဟု သုံးသပ်မိသည်။ ထို MoU အသိအမှတ်ပြု လက်မှတ်အောက်တွင် မြန်မာပြည်အနှံ့ တရုတ်စီမံကိန်းများအတွက် ၎င်းတို့ အင်-ယာနှင့် Technologists များ အလုံးအရင်း ဝင်ရောက်လာနိုင်မည့် အချက်ကိုလည်း လျစ်လျူမရှုသင့်ပေ။ အလုပ်အကိုင် အခွင့်အလမ်းနှင့် အကျပ်အတည်း ဤသဘောတူစာချွန်လွှာ လက်မှတ်ထိုးပွဲသတင်းသည် မြန်မာအင်ဂျင်နီယာများကို တွေဝေသွားစေနိုင်သည်မှာ အမှန်။ Qualifications ပိုင်းဆိုင်ရာ လက်မှတ်များ သတ်မှတ်ချက်များ ဆိုသည်ကို အသာထား။ လက်ရှိအနေအထားအရ အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးနေချိန် ထိုသို့ ပြည်ပ အင်-ယာနှင့် Technologists များ အလုံးအရင်း ဝင်ရောက်လာလျှင်ဖြင့် မိမိတို့အတွက် ပိုမို အကျပ်အတည်း ဖြစ်လာစေမည်လား၊ အလုပ်လက်မဲ့ ဖြစ်သွားတော့မည်လားဟု မြန်မာအင်ဂျင်နီယာများ တွေးပူနေကြရပြီ။ ထိုအတွေးများသည် မမှားပေ။ သာဓကအချို့ ပြရလျှင်- က) အာဖရိကနိုင်ငံများ၌ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံဆိုင်ရာ စီမံကိန်းများတွင် တရုတ်နိုင်ငံမှ workforce များစွာကိုသာ အသုံးချခြင်းကို တွေ့ရှိရသည်။ Engineers for Africa ဆိုသည့် Analysis တခုတွင် ဖော်ပြထားသည်မှာ တရုတ်နိုင်ငံမှ ကုမ္ပဏီများသည် အာဖရိကနိုင်ငံများသို့     ဈေးကွက်ထိုးဖောက်ရာတွင် Affordable cost ဖြင့် Offer လုပ်ခြင်း၊ တရုတ်နိုင်ငံအစိုးရ loan ကိုယူ၍     လုပ်ကိုင်ရသဖြင့် တရုတ်နိုင်ငံသား အတတ်ပညာရှင်အစုံအား လုပ်အားခ သက်သာစွာနှင့် ခေါ်ယူလုပ်ကိုင်ကြခြင်း၊ ဘာသာစကား အခက်အခဲဟု အကြောင်းပြ၍ လုပ်ငန်း ပိုမိုမြန်ဆန်တွင်ကျယ်ရေးဟု ဆိုကာ သူတို့ တရုတ်နိုင်ငံသားများကိုသာ ခန့်အပ်လုပ်ကိုင်သဖြင့် အာဖရိကနိုင်ငံသားများ လုပ်ငန်းပညာ အတွေ့အကြုံ  (knowledge transfer and working experience) ရရှိရေး    လွန်စွာ ခက်ခဲသွားခြင်း စသည်တို့ကြောင့် Lack of qualified Engineers and Technologists၊ Brain drain အခြေအနေတို့ ဖြစ်ပေါ်လာရသည်ဟု ထိုသုတေသနတွင် ဖော်ပြထားသည်။ ခ) သီရိလင်္ကာနိုင်ငံရောက် တရုတ်ကုမ္ပဏီများ ၎င်းတို့ တရုတ်နိုင်ငံ အလုပ်သမားများသာ  ခေါ်သွင်း အသုံးပြုခြင်းကြောင့် သီရိလင်္ကာနိုင်ငံအတွက် စီးပွားရေးအကျိုးအမြတ် ရတန်သလောက်မရ။ (The New York Times: 13-Nov-2018) ဂ) တဖန် ကျောက်ဖြူ-ကူမင်း ရေနံ-ဂက်စ်ပိုက်လိုင်းကိစ္စကြောင့် ရခိုင်ဒေသခံများ အခက်တွေ့ရသည့် သတင်းတခုတွင်လည်း ၂၀၀၉ ခုနှစ်မှ စခဲ့သည့် ထိုလုပ်ငန်းများအတွက် (CITIC နှင့် Petrochina) တို့က ရခိုင်ပြည်ဒေသခံ အယောက်တသိန်းခန့် အလုပ်အကိုင် စီစဉ်ပေးမည်ဖြစ်ကြောင်း ကနဦး ကတိရှိခဲ့ခြင်းသာမက ၇၂ ရာခိုင်နှုန်း မြန်မာနိုင်ငံသားများအား အလုပ်ခန့်ရမည်ဟု သဘောတူညီမှုများ ရှိခဲ့သော်လည်း ဒေသခံအနည်းငယ်သာ အလုပ်အကိုင်ရရှိပြီး တရုတ်နိုင်ငံသားများစွာ ဝင်ရောက်လုပ်ကိုင်နေခြင်းဟု… (ကိုဝလုံး။ ။ ၉-ဇွန်လ-၂၀၁၇ ရိုက်တာသတင်း) ဖော်ပြချက်ကိုလည်း တွေ့ရှိရသည်။ ၃) MEngC မှ Washington Accord Signatory ဖြစ်လာရေး WA Signatory ဖြစ်ရေး လုပ်ငန်းစဉ်ကို ၎င်းဝက်ဘ်ဆိုက်တွင် အသေးစိတ်တွေ့နိုင်သည်။ တိုက်ရိုက်လျှောက်ထားပြီးလျှင် WA ကော်မတီမှ Signatories ၂ နိုင်ငံ (သို့ ၃ နိုင်ငံ) အား mentors အဖြစ် ခန့်အပ်ပြီး ယာယီအဖွဲ့ဝင် ဖြစ်လာရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဦးစွာဆောင်ရွက်ရမည်။ မြန်မာပြည်တွင်း အသက်မွေးဝမ်းကျောင်း Institutions နှင့် အင်ဂျင်နီယာတက္ကသိုလ်များ WA သတ်မှတ်ချက်နှင့်အညီ Accreditation ဖြစ်လာရေး ဆက်လက်ဆောင်ရွက်ရမည်။ အခြားနည်းလမ်းတခုက- MEngC သည်လည်း ASEAN Mutual Recognition Agreement on Engineering Services အဖွဲ့ဝင် ဖြစ်သည်ကတကြောင်း၊ ASEAN အဖွဲ့ဝင် နိုင်ငံများထဲမှ အချို့ (ဥပမာ- မလေးရှား၏ BEM သည် ၂၀၀၉ မှအစပြု၊ စင်ကာပူ၏ IES သည် ၂၀၀၆ မှအစပြု) တို့သည် WA Signatories များ ဖြစ်ထားကြသည်ကတကြောင်း၊ MEngC အနေဖြင့် WA Signatory ဖြစ်လာရေးတွင် ထိုသို့သော ဝါရင့် Signatories များ၏ အကူအညီယူရန် ပိုသင့်တော်သည်။ ဤအနေအထားတွင် ၂၀၁၆ ခုနှစ်မှာမှ အစပြု Signatory ဖြစ်လာသည့် တရုတ်နိုင်ငံ CAST (တ.သ.န) ၏ အကူအညီပေးရေးကို ဆောင်ရွက်ခြင်းသည် စဉ်းစားစရာအချက် ဖြစ်လာသည်။ မြန်မာအင်-ယာများ၏ မျှော်လင့်ချက် မှေးမှိန်လာနိုင်မှုနှင့် လူ့စွမ်းအင်အရင်းအမြစ် ထိခိုင်နိုင်မှု မြန်မာပြည်ဘွဲ့ရ အင်-ယာနှင့် Technologists များသည် သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်း ကဏ္ဍများတွင် လုပ်ကိုင်နေသူများရှိသလို အကြောင်းအမျိုးမျိုးကြောင့် အခြားသင့်တော်ရာ ဝင်ရောက်လုပ်ကိုင်နေသူများလည်း ဒုနဲ့ဒေး။ တဖက်မှာလည်း ပြည်တွင်း၌ အသက်မွေးဝမ်းကျောင်းပညာ ကြိုးစားရှာမှီးနေကြသူများ၊ အနာဂတ် အင်-ယာပညာရှင် ဖြစ်လာရေး မျှော်လင့်ချက်ကြီးစွာနဲ့ ကျောင်းတက် ကြိုးစားနေကြသော သားသမီးရတနာများ၊ အပင်ပန်းခံ စီးပွားရှာပြီး မိမိတို့ သားသမီးများ အင်-ယာပညာရှင်များ ဖြစ်လာကြရေး မျှော်လင့်ချက်ကြီးစွာ ထားကြသော မိဘများ၊ တိုင်းပြည်အနာဂတ် အတတ်ပညာရှင်များ မွေးထုတ်ပေးနေသော ကျောင်းတော်ကြီးများ၏ မျှော်လင့်ချက်များ….ထိုထိုတို့သည် ဤ MoU ကြောင့် မှေးမှိန်သွားကြမည်လော ဆိုသည်ကို ရင်လေးစွာ တွေးမိသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာပြည်၏ ရေရှည်တိုးတက်မှု (sustainable development)   အတွက် Infrastructure development သာ မဟုတ်ဘဲ ပြည်တွင်း လူ့စွမ်းအင်အရင်းအမြစ်ပါ တိုးတက်လာရန် လွန်စွာအရေးကြီးသည်။ လူ့စွမ်းအင်အရင်းအမြစ် အရေးကြီးပုံကို ပမာဆိုရလျှင် အမေရိကန် corporate body ကြီးမှ အီကွေဒေါနိုင်ငံ စီးပွားရေးအား ထိန်းချုပ်နိုင်ရေး မဟာစီမံကိန်းတွင် "ဆည်ဆောက် လမ်းတံတားဖောက်ခြင်းသာလုပ်၊ သူတို့သတ်မှတ်သည့် ကုမ္ပဏီများမှသာ ပစ္စည်းဝယ်၊ တိုင်းပြည်က world bank မှာ အကြွေးတင်ရုံသာ အဖတ်တင်၊ ပြည်သူ့လူ့စွမ်းအင် အရင်းအမြစ်က နည်းမြဲ၊ တိုင်းပြည်သာမွဲဆဲ ဖြစ်သွားရကြောင်းကို "Confessions of and Economic Hit Man, by John Perkins" စာအုပ်ကို ကိုးကား၍ စာရေးဆရာ မာန်(တောင်လုံးပြန်) က Sydney Australia (04-သြဂုတ်-2018) တွင် ပြောကြာခဲ့ဖူးသည်ကို သတိချပ်သင့်သည်။ ဆောင်ရွက်သင့်သည်များ… ဆိုတော့ကာ စာရေးသူ အကြံပြုလိုသည်မှာ- ၁) ဤသဘောတူစာချွန်လွှာ၌ လက်မှတ်ရေးထိုးသည့် Centre for Professional Training and Services (CPTS) သည် CAST (တ.သ.န) ၏ ကိုယ်စားပြုအဖွဲ့လော (သို့မဟုတ်) မြန်မာနိုင်ငံသို့ ဝင်ရောက်လုပ်ကိုင်မည့် တရုတ်နိုင်ငံ ကုမ္ပဏီများ (CITIC၊ CCCC၊ Petrochina၊ အခြား…) အတွက် အင်-ယာလက်မှတ်များ အသိအမှတ်ပြုမှု ရရှိရေး ဆောင်ရွက်မည့် ကိုယ်စားလှယ်အဖွဲ့လော ဆိုသည်ကို ပြည်သူများသိရန် လိုအပ်သည်။ ၂) MEngC ဘက်မှလည်း တရုတ်နိုင်ငံ အင်-ယာနှင့် Technologists များအား အသိအမှတ်ပြုရေး လုပ်ဆောင်ရာတွင် သတ်မှတ်စည်းကမ်းနှင့်အညီ တဦးချင်းစိစစ်ရန် လိုအပ်ပြီး "အသိအမှတ်ပြုခြင်း" ဆိုသည့် ခေါင်းစဉ်အောက်မှ မြန်မာပြည်တွင်း တရုတ်စီမံကိန်းများအတွက် ၎င်းတို့နိုင်ငံသားများ အလုံးအရင်း ဝင်ရောက်မလာရေး အထူးသတိပြု ဆောင်ရွက်ရန် လိုအပ်သည်။ တဆက်တည်းမှာပဲ လက်ရှိ ဝင်ရောက်လုပ်ကိုင်လျက်ရှိသော ပြည်ပမှ အင်-ယာနှင့် Technologist များ MEngC ၏ ခွင့်ပြုလက်မှတ် ရှိသည် မရှိသည်ကိုလည်း စိစစ်ရန် လိုအပ်သည်။ ၃) တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်အစိုးရဘက်မှ စီမံကိန်းများ လက်မှတ်ရေးထိုးခြင်းနှင့် လုပ်ငန်းခွင်များ စတင်နိုင်ရေး ပြင်ဆင်နေကြပြီ ဖြစ်သဖြင့် ပြည်ပကုမ္ပဏီများမှ ဝင်ရောက်လုပ်ကိုင်ကြမည့် အင်-ယာနှင့် Technologists ဦးရေ Quota+Visa စသည်တို့ကို နိုင်ငံတော်အစိုးရမှ စနစ်တကျ ကန့်သတ်ထိန်းချုပ်ရန် လိုအပ်သည်။ ၄) ဤစီမံကိန်းများကို အခြေခံ၍ တိုင်းသူပြည်သားများ လူ့စွမ်းအင်အရင်းအမြစ် တိုးတက်လာစေဖို့ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရေး၊ Knowledge transfer နှင့် လုပ်ငန်းအတွေ့အကြုံ အပြည့်အဝရရှိရေး ဆောင်ရွက်ရန် လိုအပ်သည်။ ၅) ပြည်တွင်းလူ့စွမ်းအင်အရင်းအမြစ် တိုးတက်အောင် ကြိုးစားရာတွင် ပြည်ပရောက် မြန်မာပညာရှင်များ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည်၏ နိုင်ငံခြားခရီးစဉ် အချို့တွင်လည်း ပြည်ပရောက် မြန်မာပြည်ဖွား ကျွမ်းကျင်အတတ်ပညာရှင်များ မြန်မာပြည်သို့ လာရောက်လုပ်ကိုင် (သို့မဟုတ်) ငွေ-ဉာဏ်-ပညာဖြင့် ပြန်လည်ထူထောင်ရေး ကဏ္ဍများတွင် ဝင်ရောက်ကူညီကြပါရန် တိုက်တွန်းခဲ့ဖူးသည်။ ပြည်ပရောက် မြန်မာပညာရှင်များ ပြန်လည်ပံ့ပိုးနိုင်လျှင်ဖြင့် ပြည်တွင်း အင်-ယာနှင့် Technologists များအတွက် Language barrier နှင့် Knowledge transfer လွယ်ကူရန်၊ brain drain မှ brain gain ဖြစ်လာရန် ရှိသည့်အတွက် ထိုလုပ်ငန်းစဉ်များ လွယ်ကူချောမွေ့စေရေး အတွက်လည်း နိုင်ငံတော်အစိုးရမှ One Stop Centre ထား ဆောင်ရွက်ရန် လိုအပ်သည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မြန်မာ အင်-ယာနှင့် Technologists များ အလုပ်လက်မဲ့ဖြစ်ရမည့် အခြေအနေမှ တားဆီးနိုင်မည်သာမက လူ့စွမ်းအင်အရင်းအမြစ် ပိုမိုတိုးတက် ကောင်းမွန်လာနိုင်သည့်အတွက် တိုင်းပြည်၏ ရေရှည်ဖွံ့ဖြိုးမှုကို များစွာ အထောက်အကူပြုလာမည် ဖြစ်ပါကြောင်း။       ။ ဒေါက်တာ သိန်းမိုးဝင်း YIT 1995 intake Mech. (MM), BE Mecht. (Hons) (MAL), ME Mecht. (MAL), PhD Mecht. (AUS) Sydney, Australia
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024