လမ်းမတော် တန်ဆောင်တိုင်ပွဲဈေး မိုးဖျက်မည်ကို ဈေးသည်များစိုးရိမ် (ဓာတ်ပုံ)
သူဇာလင်း
·
November 21, 2018
တန်ဆောင်တိုင် အခါသမယရောက်တိုင်း နှစ်စဉ်ကျင်းပလေ့ရှိတဲ့ လမ်းမတော်ပွဲဈေးကို အခုနှစ်မှာလည်း နိုဝင်ဘာ ၂၀ ရက်ကနေ ၂၄ ရက်နေ့အထိ ငါးရက်ကြာ အစဉ်အလာမပျက် ကျင်းပနေပါတယ်။
ရန်ကုန်မြို့လယ်ခေါင် လမ်းမတော်လမ်းနဲ့ အနော်ရထာလမ်းဆုံတဲ့ နေရာကနေ အနော်ရထာလမ်းတလျှောက် လမ်းမတော် ၃ လမ်းအထိ ဈေးဆိုင်ခန်းတွေ ခင်းကျင်း ရောင်းချထားပါတယ်။
ဆိုင်ခန်းဈေးနှုန်းတွေကတော့ တညကို ကျပ် ၅၀၀၀ ကနေ ငါးညစာအတွက် ကျပ် ၁ သိန်းလောက်အထိ ဆိုင်ခန်းအလိုက် ဈေးအမျိုးမျိုး ပေးဆောင်ရတယ်လို့ ဈေးရောင်းချသူတွေက ပြောပါတယ်။
သီတင်းကျွတ်ကာလတုန်းက မိုးရွာသွန်းခဲ့လို့ ရေကျော်ပွဲဈေးမှာ အရောင်းအဝယ် ပါးသွားခဲ့သလို အခု လမ်းမတော် တန်ဆောင်တိုင်ပွဲဈေးမှာလည်း မိုးရွာမှာကို ဈေးသည်တွေက စိုးရိမ်နေကြပါတယ်။
လမ်းမတော်မြို့နယ်မှာ တန်ဆောင်တိုင်ပွဲဈေးအပြင် လမ်းမတော် ၁၃ လမ်းမှာလည်း ဦးဘဂျမ်း အထိမ်းအမှတ် ဂုဏ်ပြု ကာတွန်းပြပွဲကိုလည်း ကျင်းပနေပါတယ်။