အာဖဂန် ညစာစားပွဲ ခန်းမတခုအတွင်း အသေခံဗုံးခွဲ၊ လူ ၅၀ ကျော် သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့မှာ နိုဝင်ဘာ ၂၀ ရက်နေ့က ညစာစားပွဲ ခန်းမတခုအတွင်း အသေခံဗုံးခွဲသမားတဦး ဗုံးခွဲခဲ့တာကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီခန်းမထဲမှာ အစ္စလာမ္မစ် ဘာသာရေးဆရာတွေ စုဝေးနေပြီး အသေခံဗုံးခွဲမှုကြောင့် လူ ၈၀ ကျော် ဒဏ်ရာရခဲ့တယ်လို့လည်း ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ အသေခံဗုံးခွဲသူဟာ ကဘူးလ်လေဆိပ်အနီး ယူရေးနပ်စ် မင်္ဂလာခန်းမအတွင်းရှိ ညစာစားပွဲ ခန်းမထဲကို ဝင်ရောက်ဗုံးခွဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီခန်းမထဲမှာ ဘာသာရေးပွဲတခု ကျင်းပဖို့အတွက် ဘာသာရေးဆရာတွေနဲ့ နောက်လိုက်နောက်ပါတွေ စုဝေးနေတယ်လို့ အဲဒီတာဝန်ရှိသူက ဆိုပါတယ်။ ဗုံးပေါက်ကွဲရာနေရာကို လူနာတင်ယာဉ် ၃၀ ကျော် အမြန်ရောက်လာခဲ့ပြီး လူ ၄၀ ကျော် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ပြောကြားပါတယ်။ အဲဒီဗုံးဖောက်ခွဲမှုဟာ ဘယ်သူ့လက်ချက်ဖြစ်တယ် ဆိုတာကိုတော့ ချက်ချင်း မသိရသေးဘူးလို့ ရိုက်တာသတင်းဌာနက အစီရင်ခံပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up