Home
မြန်မာသတင်း
ရန်ကုန်ရှိ စက်မှုဇုန်ဟောင်းများ အဆင့်မြှင့်တင်ရန် သမ္မတညွှန်ကြား
စိုးမိုးအောင်
·
November 21, 2018
ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ စက်မှုဇုန်အဟောင်းတွေကို အဆင့်မြှင့်တင်ဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ညွှန်ကြားထားတယ်လို့ ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောပါတယ်။ ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီကနေ မှော်ဘီမြို့နယ်မှာရှိတဲ့ မြောင်းတကာစက်မှုဇုန် ကော်မတီတွေ၊ စက်ရုံလုပ်ငန်းရှင်တွေနဲ့ နိုဝင်ဘာ ၂၀ ရက်က တွေ့ဆုံခဲ့ပြီး ဒေါ်စန္ဒာမင်းက အခုလို ပြောဆိုခဲ့တာပါ။ "ကွင်းဆင်းရတဲ့ အကြောင်းအရင်းကတော့ ကျမတို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရကို သမ္မတကြီး ဦးဝင်းမြင့် လာတဲ့အခါမှာ သမ္မတကြီးရဲ့ လမ်းညွှန်ချက်တွေ ရှိပါတယ်။ စက်မှုဇုန် အဟောင်းတွေကိုလည်း အဆင့်မြှင့်တင်ပေးရမယ်လို့ ကျမတို့ကို လမ်းညွှန်တာရှိပါတယ်" လို့ မြောင်းတကာစက်မှုဇုန်က တာဝန်ရှိသူတွေကို ဒေါ်စန္ဒာမင်းက ပြောပါတယ်။ စက်မှုဇုန်အသစ်တွေကို ရန်ကုန်တိုင်းအစိုးရက တည်ဆောက်ဖို့ လုပ်နေတဲ့အပေါ် အဟောင်းတွေကိုလည်း အဆင့်မြှင့်တင်ဖို့ ဒေါ်စန္ဒာမင်းက ထောက်ပြထားပြီး စက်မှုဇုန်တွေကို လက်ရှိမှာ ရန်ကုန်တိုင်းဝန်ကြီးတွေက တိုက်ရိုက်ကိုင်တွယ်တာဖြစ်ပေမယ့် ၂ နှစ်ကျော်အတွင်း ကွင်းဆင်းစစ်ဆေးမှု မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သီလဝါစက်မှုဇုန် အပါအဝင် စက်မှုဇုန်ပေါင်း ၂၉ ဇုန်ရှိပြီး ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီကနေ စက်မှုဇုန်ပေါင်း ၁၆ ဇုန်ကို ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ စက်မှုဇုန်တွေကို စစ်ဆေးတဲ့အခါ စက်မှုဇုန်အဂါင်္ရပ်နဲ့ မညီညွတ်တာ၊ အမှိုက်စွန့်ပစ်မှုနဲ့ လမ်းခင်းထားတာတွေ မရှိတာ၊ ကျူးကျော်ပြဿနာတွေအပြင် ဇုန်ကြေးကောက်ခံရရှိတဲ့အပေါ် စက်မှုဇုန် ဖွံ့ဖြိုးရေး ဆောင်ရွက်နေတာတွေ တွေ့ရှိခဲ့တယ်လို့ ဒေါ်စန္ဒာမင်းက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024