Home
မြန်မာသတင်း
ဆိုရှယ်မီဒီယာစောင့်ကြည့်အဖွဲ့ အမုန်းစကားများ ထိန်းချုပ်နိုင်ခြင်းမရှိဟု ကြံ့ခိုင်ရေးအမတ် ဝေဖန်
အောင်ဆန်းဦး
·
November 20, 2018
ဘာသာရေးအမုန်းစကားတွေအပေါ် ထိန်းချုပ်နိုင်ခြင်းမရှိသေးတဲ့ ဆိုရှယ်မီဒီယာစောင့်ကြည့် ထိန်းသိမ်းရေး အဖွဲ့ကို  ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်က ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဝေဖန်မေးခွန်းထုတ်လိုက်ပါတယ်။ နိုဝင်ဘာ ၂၀ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေးအဖွဲ့(SMMT) လုပ်ငန်းစဉ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအ၀င် တည်ဆဲ ဥပဒေတွေနဲ့ ညီညွတ်မှုရှိမရှိနဲ့ လိုအပ်တဲ့ စက်ပစ္စည်းဝယ်ယူတဲ့ အသုံးစရိတ်ဟာ သမ္မတရဲ့ အထူးရန်ပုံငွေသုံးစွဲမှု မူဝါဒနှင့်ကိုက်ညီမှုရှိမရှိ မေးခွန်းမေးမြန်းခဲ့ပါတယ်။ ကျပ်သန်း ၆၀၀၀ကျော် သုံစွဲထားတဲ့ ဆိုရှယ်မီဒီယာ စောင့်ကြည့်ထိန်းသိမ်းရေးအဖွဲ့အနေနဲ့ ဘာသာရေးအမုန်းစကားတွေ အပေါ် ထိန်းချုပ်နိုင်ခြင်း မရှိသေးတဲ့အပေါ် ပြည်သူတွေအကြားမှာ မေးခွန်းအဖြစ် တည်ရှိနေတယ်လို့ ဒေါက်တာ မောင်သင်းက ပြောပါတယ်။ “ကျနော်တို့ နားလည်ထားတာကတော့ Hate Speech ဟန့်တားတယ်လို့ နားလည် ထားပါတယ်။ ဒါပေမယ့် အခြားဘာသာအနည်းအကျဉ်းကို ထိခိုက်ရင် ပိတ်ပင်ပစ်တာတွေတွေ့ရပြီး ကျနော်တို့ နိုင်ငံတော်မှာ အများဆုံးကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို အတုံးလိုက်အတစ်လိုက် တိုက်ခိုက်နေတာတွေကိုတော့ မတွေ့ရပါဘူး။ ကိုယ့်နိုင်ငံဘတ်ဂျက်သုံးပြီး အများဆုံးကိုးကွယ်နေတဲ့ ဘာသာတရားကို မကာကွယ်ပေးနိုင်တာဟာ ၀မ်းနည်းစရာကောင်းတယ်လို့ ကြားသိနေရပါတယ်” ဒီမေးခွန်းအပေါ်မှာတော့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးက ပြန်လည်ဖြေဆိုခြင်းမရှိတဲ့အတွက် ကျေနပ်မှုမရှိသလို ဖွဲ့စည်းလုပ်ဆောင်ပုံ အဆင့်ဆင့်ကို လွှတ်တော်မှာ ရှင်းလင်းပြောဆိုဖို့ မေးခွန်းကိုလည်း တိကျတဲ့ဖြေကြားချက်မပေးခဲ့တဲ့အတွက် ကိုယ်ကျိုးအတွက် အသုံးပြုမှာကို စိုးရိမ်မိတယ်လို့ မေးခွန်းရှင်က ဆိုပါတယ်။ “နိုင်ငံတော် ပိုက်ဆံနဲ့ ဝယ်ထားတဲ့ စနစ်ရယ်၊ Team ရယ်ကို ကိုယ်ကျိုးအတွက် သုံးသွားမှာကို ကျနော်က အစိုးရိမ်ဆုံးပဲ။ ကျနော်မေးသွားတာကို မဖြေသွားဘူး။ အဲဒီအတွက် ကြောင့် ကျနော့်သံသယက ပိုကြီးသွားတယ်”လို့ ဒေါက်တာမောင်သင်းက ပြောပါတယ်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဒုဝန်ကြီးကတော့ ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့ဟာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်စေမယ့် ဆောင်ရွက်ချက်တွေကို စောင့်ကြည့်ဖော်ထုတ်ဖို့၊ ပြည်သူကိုအသိပေးနှိုးဆော်ဖို့ တည်ဆဲဥပဒေတွေနဲ့ ငြိစွန်းတဲ့ ကိစ္စတွေကို ဝန်ကြီးဌာနတွေက အရေးယူနိုင်ဖို့ ဖွဲ့စည်းတာဖြစ်တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024