လိင်အရှုပ်တော်ပုံတခုကြောင့် သမ္မတဖြစ်ခွင့် ဆုံးရှုံးလိုက်ရသူတဦးအကြောင်း ရုပ်ရှင် – The Front Runner (နမူနာ)
Published By
DVB | 20 November, 2018
1.5K
0
Share
0
Comment
0
Likes
ဟောလိဝုဒ် ဖြစ်ရပ်မှန် ဒရာမာရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် The Front Runner ရုပ်ရှင်ကားကို လာမယ့် နိုဝင်ဘာ ၂၁ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီတခုဖြစ်တဲ့ Columbia Pictures က တင်ဆက်လိုက်တာဖြစ်ပြီး ကနေဒီယန်-အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Jason Reitman က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားကတော့ အမေရိကန် နိုင်ငံရေးသမိုင်းမှာ ထင်ရှားခဲ့တဲ့ အထက်လွှတ်တော်အမတ် Gary Hart ရဲ့ အကြောင်းကို ပုံဖော် ရိုက်ကူးပေးထားတာပါ။ သူဟာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု ပါတီသမ္မတလောင်း ဖြစ်လာပြီးတဲ့နောက်မှာ ရုပ်ရည်ချောမောမှု၊ ဉာဏ်ရည်ထက်မြက်မှုနဲ့ ကရုဏာတရား ကြီးမှုတွေကြောင့် နာမည်ကျော်ခဲ့ပေမယ့် လိင်အရှုပ်တော်ပုံတခုကြောင့် သမ္မတဖြစ်ခွင့် ဆုံးရှုးလိုက်ရသူတဦးပါ။ ဒီကားထဲမှာတော့ သူ့ရဲ့ ဘဝဇာတ်ကြောင်းတွေကို ဘယ်လိုပုံဖော် ဖန်တီးထားလဲဆိုတာ ပရိသတ်တွေ မကြာခင် စောင့်မျှော်ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။
အဓိကဇာတ်ကောင် Gary Hart နေရာမှာတော့ X-Men ရုပ်ရှင် Series တွေနဲ့ နာမည်ကြီးတဲ့ ဟောလိဝုဒ် သရုပ်ဆောင်မင်းသား Hugh Jackman က သရုပ်ဆောင်ထားပြီး သူနဲ့အတူ အမေရိကန် သရုပ်ဆောင်မင်းသမီး Vera Farmiga, မင်းသား J.K. Simmons တို့က ပါဝင်သရုပ်ဆောင်ထားကြတာပါ။
ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေနဲ့ ပြကွင်း ပြကွက်တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။
ကြာမြင့်ချိန် ၁၁၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာလည်း Rating 6.7 ထိ ရရှိထားပြီး နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Toronto International Film Festival မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့က ပြသခဲ့ကာ ချီးကျူးမှုတွေလည်း ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။