A d v e r t i s e m e n t With Us

အီရတ်တွင် ကားဗုံးတလုံးပေါက်ကွဲ၊ လူ ၅ ဦးထက်မနည်း သေဆုံး

ဓာတ်ပုံ - AFP
အီရတ်နိုင်ငံ တီကရစ်မြို့မှာ နိုဝင်ဘာ ၁၈ ရက်က ကားဗုံးတလုံး ပေါက်ကွဲလို့ လူ ၅ ဦးထက်မနည်း သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရတယ်လို့ ရဲနဲ့ ဆေးဘက်သတင်းရင်းမြစ်တွေက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် ကားစီးရေ တဒါဇင်နီးပါး မီးလောင်ခဲ့တယ်လို့ ရဲသတင်းရင်းမြစ်က ဆိုပါတယ်။ ဒီဖောက်ခွဲမှုအတွက် တာဝန်ခံကြောင်း ဘယ်သူကမှ အခိုင်အမာ မကြေညာသေးပါဘူး။ အီရတ်မြို့တော် ဘဂ္ဂဒက်မြောက်ပိုင်း မိုင် ၁၀၀ လောက်ဝေးတဲ့ တီကရစ်မြို့မှာ ခုလို တိုက်ခိုက်မှုက ရှားပါတယ်။ အိုင်အက်စ် စစ်သွေးကြွတွေဟာ ၂၀၁၇ မှာ အီရတ်နိုင်ငံအတွင်းက ပိုင်နက်တွေကို ဆုံးရှုံးအပြီး ဗျူဟာပြောင်းခဲ့တာပါ။ ပိုင်နက်ထိန်းချုပ်မှုအစား လုံခြုံရေးတပ်တွေကို ဗုံးခွဲ တိုက်ခိုက်နေခဲ့ပါတယ်။ မြို့တော်မှာ လုံခြုံရေးအခြေအနေ တိုးတက်လာပေမယ့် နိုင်ငံမြောက်ပိုင်းနဲ့ အနောက်ပိုင်းက ရှေးရိုးစွဲ ဆွန်နီစစ်သွေးကြွတွေရဲ့ အမာခံနယ်မြေတွေမှာ အလားတူ တိုက်ခိုက်မှုတွေ တိုးလာနိုင်တယ်လို့ အကဲခတ်တွေနဲ့ လုံခြုံရေးသတင်းရင်းမြစ်တွေက သတိပေးထားပါတယ်။ ဆီးရီးယားအရှေ့ပိုင်း အီရတ်နဲ့ နယ်စပ်တလွှားမှာ အခြေစိုက်တဲ့ အီရတ်နိုင်ငံသား အိုင်အက်စ်တိုက်ခိုက်ရေးသမား အယောက် ၂၀၀၀ လောက်က အီရတ်ကိုပြန်လာဖို့ ကြိုးစားနေတယ်လို့ အီရတ်အစိုးရက ဒီသီတင်းပတ်ထဲမှာ ပြောပါတယ်။ သူတို့ ထိုးဖောက်ဝင်ရောက်လာတာကို ဟန့်တားဖို့ လုံခြုံရေးတပ်တွေက ပြင်ဆင်နေတယ်လို့လည်း ပြောထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up