ဘာသာစကား ၁၀ မျိုးကျော် ပြောနိုင်သည့် ကမ္ဘောဒီးယား ကလေးငယ် ရေပန်းစား (ရုပ်သံ)

ဓာတ်ပုံ - Kapook
ကမ္ဘောဒီးယားနိုင်ငံ အန်းကောဝပ်ဘုရားကျောင်းမှာ ဈေးရောင်းနေတဲ့ ကလေးငယ်တဦးဟာ ဘာသာစကား အနည်းဆုံး ၁၀ မျိုးကို ပြောဆိုနိုင်တဲ့အတွက် လူမှုကွန်ရက်မှာ ရေပန်းစားနေပါတယ်။ အသက် ၁၄ နှစ်အရွယ် တာ့ရှ်ဆစ် (Thuch salik) လို့ခေါ်တဲ့ ကလေးငယ်ဟာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုက မွေးဖွားလာပြီး ကျောင်းစာတဖက်နဲ့ ဈေးရောင်းရင်း မိဘတွေရဲ့ ဝင်ငွေကို တဖက်တလမ်းက ကူညီရှာဖွေနေတာပါ။ သူဟာ ယပ်တောင်၊ ပို့စ်ကတ်၊ အိတ်ကလေးတွေပါတဲ့ ခြင်းကလေးကို ဆွဲပြီး  အန်းကောဝပ်ဘုရားကျောင်းဝင်း တာ့ဖရုမ်းစေတီတဝိုက်မှာ နေ့စဉ်လှည့်လည်ကာ သူ့ဆီက ပစ္စည်းတွေ ဝယ်ယူအားပေးဖို့ ကမ္ဘာလှည့်ခရီးသည်တွေကို ဘာသာစကားအမျိုးမျိုးနဲ့ ကြိုးစားပြောဆိုနေတာ ဖြစ်ပါတယ်။ သူ အဲဒီလိုပြောဆိုနေတာကို Venus Gwc အမည်ရှိ စင်ကာပူနိုင်ငံမှ ခရီးသွားဧည့်သည်တဦးက ဗွီဒီယိုရိုက်ပြီး သူမရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ပေါ် တင်လိုက်ရာ လူမှုကွန်ရက်ပေါ်မှာ နေ့ချင်းညချင်း ရေပန်းစားသွားပါတယ်။ စင်ကာပူနိုင်ငံ News Asia TV အစီအစဉ်က တာ့ရှ်ဆစ်အကြောင်းကို ရုပ်သံရိုက်ကူးခဲ့ရာ အဲဒီရုပ်သံမှာ သူက အင်္ဂလိပ်အချစ်သီချင်းတပုဒ်ကို ဆိုပြပြီး ခရီးသွားဧည့်သည်တွေဟာ သူ သီချင်းဆိုပြတာကို သဘောကျပြီး သူ့ဆီကပစ္စည်းတွေ ဝယ်တတ်တယ်လို့ ပြောပါတယ်။ သူဟာ ထိုင်း၊ ဖိလစ်ပိုင်၊ တရုတ်၊ အင်္ဂလိပ်၊ ဂျပန်၊ ပြင်သစ်၊ မလေးရှား၊ ဂျာမန်၊ ပြင်သစ် စတဲ့ဘာသာတွေနဲ့ ၁ ကနေ ၁၀ ထိ ရေတွက်ပြပြီး တရုတ်ခရီးသွား ၂ ဦးထံ ပြေးသွားကာ တရုတ်စကားနဲ့ အပြာရောင်က ဦးလေးအတွက်၊ အနီရောင်က ဦးလေးဇနီးအတွက် ဝယ်ပါလို့ပြောပြီး အိတ်ကလေးကို ထိုးရောင်းပေးနေသလို ပလွေလည်း မှုတ်ပြပါတယ်။ ဘာသာစကားအမျိုးမျိုးကိုလည်း ကမ္ဘာလှည့်ခရီးသည်တွေထံကနေ သင်ယူမှတ်သားခဲ့တာ ဖြစ်ကြောင်း၊ သူဟာ မနက် ၇ နာရီကနေ ၁၁ နာရီထိ စက်ဘီးနဲ့ ကျောင်းသွားပြီး ကျန်တဲ့ အားလပ်ချိန်မှာ ဈေးရောင်းကြောင်း၊ ကျောင်းစာကို ခုံမင်ပြီး အထူးသဖြင့် ပထဝီ၊ သင်္ချာ၊ သိပ္ပံနဲ့ အင်္ဂလိပ်စာ ဘာသာရပ်တွေကို နှစ်သက်ကြောင်း၊ အင်္ဂလိပ်ဘာသာကိုတော့ မကျွမ်းကျင်ဘူးလို့  သတင်းထောက်ကို ပြောပါတယ်။ အန်းကောဝပ်ဘုရားကျောင်းအနီး သားနဲ့အတူ ဈေးရောင်းနေတဲ့ သူ့မိခင်ကလည်း သားရဲ့ဘဝ ပိုမိုကောင်းမွန်ဖို့ ပညာတတ်စေချင်တယ်လို့ ပြောပါတယ်။ ဆင်းရဲပေမယ့် သွက်လက်ချက်ချာ ဉာဏ်ရည်ကောင်းမွန်တဲ့ သူ့ကို မြင်သူတိုင်းက ချစ်ခင်သနားနေကြပါတယ်။ တရုတ်နိုင်ငံ ရုပ်သံလိုင်းတခုကလည်း သူ့ကို ဆက်သွယ်မေးမြန်းရာမှာ သူက နိုင်ငံခြား ဘာသာတွေထဲမှာ မန်ဒရင်း တရုတ်ဘာသာစကားကို နှစ်သက်ပြီး ပီကင်းက ဂီတပွဲတော်ကိုလည်း ရောက်ဖူးချင်တယ်လို့ ပြောပါတယ်။ သူဟာ သီချင်းဆိုလည်း တော်တဲ့အတွက် အဲဒီရုပ်သံလိုင်းက သူ့ကို ပီကင်းမြို့ လူငယ်သီချင်းဆိုပြိုင်ပွဲ တခုမှာ လာရောက်ယှဉ်ပြိုင်ဖို့ ကမ်းလှမ်းထားပြီး ခရီးစရိတ်ပါ ထောက်ပံ့မယ့်အကြောင်း၊ သူ့ရဲ့အရည်အချင်းကိုကြည့်ကာ အဆိုတော်တယောက်ဖြစ်ဖို့ မြေတောင်မြှောက်ပေးသွားမှာဖြစ်တယ်လို့ Snook ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up