အင်းစိန်တွင် ကျပ်သိန်းပေါင်း ၄ သောင်းခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
DVB
·
November 19, 2018
အင်းစိန်မြို့နယ်မှာ ငွေကျပ်သိန်းပေါင်း ၄ သောင်းလောက် တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၁၇ ရက် ညနေ ၆ နာရီလောက် ပူးပေါင်းအဖွဲ့က သတင်းအရ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ချမ်းမြရွှေပြည်အိမ်ရာရှိ စိုင်းကျော်လှနဲ့ ဒေါ်နန်းမိုဟွမ် (စိစစ်ဆဲ) တို့ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ ကံ့ကော်လမ်း၊ အမှတ် (၁၂၀-က) နေအိမ်ခြံဝင်းအား ငွေကျပ်သိန်း ၆၅၀ သိန်းနဲ့ ဝယ်ယူထားတဲ့ အရောင်း/အဝယ်စာချုပ် ၁ ခုနဲ့ အခြားအရောင်း/အဝယ်စာချုပ်တို့ကို တွေ့ရှိသိမ်ဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ အင်းစိန်မြို့နယ်၊ မြို့သစ် (ဂ) ရပ်ကွက်က နေအိမ်မှာ ဆက်လက်ရှာဖွေရာ ဂိုထောင်အတွင်း Toyota Vigo ယာဉ်ရဲ့ နောက်ခန်း ကြမ်းခင်းအံဝှက်အတွင်း ကပ်ခွာအိတ်တွေနဲ့ ထည့်ထားတဲ့ ကျပ်သိန်း ၃၈၇၄၀ တန်းဖိုးရှိ WY စိတ်ကြွဆေးပြား ၁၅၄၉၆၀၀ ပြားကို သိမ်းဆည်းရမိခဲ့ပါတယ်။
အင်းစိန်မြို့မရဲစခန်းက မူးယစ်ဆေးဝါးများနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ နဲ့ အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။