A d v e r t i s e m e n t With Us

ကယ်လီဖိုးနီးယား မီးဘေးသင့်ပြည်သူများကို ဒေါ်နယ်ထရမ့် သွားရောက်တွေ့ဆုံ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းက မာလီဘူး မြို့ဆီ နိုဝင်ဘာ ၁၇ ရက်က သွားရောက်ပြီး တောမီးဒဏ်သင့် ဒေသခံတွေနဲ့ တွေ့ဆုံပါတယ်။ အစောပိုင်းကတော့ ကယ်လီဖိုးနီးယား မြောက်ပိုင်း ဆယ်ရာ တောင်ကုန်းက ပါရာဒိုက်စ် ရပ်ကွက်ကို သွားခဲ့ပါသေးတယ်။ အဲဒီနေရာကနေ အလောင်း ၇၁ လောင်းထက်မနည်း ရှာတွေ့ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ မှုခင်းဆေးပညာ အဖွဲ့တွေဟာ မီးကျွမ်း အပျက်အစီးတွေကြားမှာ သေဆုံးသူတွေကို စနေနေ့က လိုက်ရှာနေခဲ့တာပါ။ ပြည်နယ်အတွင်း လူအသေအပျောက် အများဆုံး တောမီးကြောင့် ပျောက်ဆုံးသူ ဦးရေဟာ အယောက်တထောင်ထိ မြင့်တက်ခဲ့ပါတယ်။ ထရမ့်ဟာ ကာလီဖိုးနီးယား အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်းနဲ့ရော ရွေးကောက်ခံ အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆမ်နဲ့ပါ တွေ့ဆုံပါတယ်။ ပြည်နယ်အစိုးရက ရှင်းလင်းရေးနဲ့ ရှာဖွေရေး လုပ်ငန်းတွေအပါအဝင် လိုအပ်တာတွေ လုပ်ပေးနေတယ်လို့ ဘရောင်းက ပြောပါတယ်။ ကာလီဖိုးနီးယား မြောက်ပိုင်းမှာ ကမ့်ဖှိုင်းယား တောမီးလောင်ခဲ့ပြီး တောင်ပိုင်းမှာတော့ ဝါလ်စေ တောမီး လောင်ခဲ့တာပါ။ သောကြာ ညနေမှာတော့ တောမီးကို ၇၈ ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်ပြီလို့ ရိုက်တာ သတင်း ဌာနက ပြောပါတယ်။ ထရမ့်ကတော့ တောမီးလောင်ရတာ သစ်တောဆိုင်ရာ စီမံခန့်ခွဲပုံ လွဲမှားမှုကြောင့်လို့ အပြစ်တင်ပါတယ်။ ဒီအရေးအတွက် ဘရောင်းနဲ့ရော နယူးဆွန်မ်နဲ့ပါ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ကယ်လီဖိုးနီးယား ပြည်နယ်မှာ တောမီးတွေလောင်တဲ့ အကြိမ်ရေရော၊ ပြင်းအားပါ ပိုတိုးလာရတာဟာ ရာသီဥတု ပြောင်းလဲမှုကြောင့်နဲ့ မိုးခေါင်မှု ကြာရှည်တာကြောင့်လို့ ပြောထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up