နယ်နိမိတ်မျဉ်းပေါ်နေသူများအရေး ဘင်္ဂလားဒေ့ရှ်က သဘောတူညီချက် ချိုးဖောက်ဟုဆို
ပြည့်ဘုန်းအောင်
·
November 18, 2018
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်စည်းမျဉ်းပေါ်မှာ နေထိုင်နေတဲ့ ရခိုင်ဘက်ကနေ နေရပ်စွန့်ခွာသူတွေ အရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီ ချက်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက လိုက်နာခဲ့ခြင်းမရှိဘဲ ချိုးဖောက်ခဲ့တယ်လို့ မြန်မာအစိုးရ ဘက်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
နှစ်နိုင်ငံ သဘောတူညီအချက်အရ မြန်မာပိုင်နက် နယ်နိမိတ်မျဉ်းပေါ်မှာ နေထိုင်တဲ့ သူတွေကို မြန်မာအစိုးရက ထောက်ပံ့ပေးဖို့ သဘောတူညီထားပေမယ့် လက်ရှိအချိန်ထိ ထောက်ပံ့ခွင့်မရဘူးလို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရက ထောက်ပံ့မှုတွေ ပြုလုပ်နေတာကြောင့် နေရပ်စွန့်ခွာသွားသူတွေ အပြင် အခြားသူတွေလည်း ပါဝင်နိုင်တာကြောင့် လုံခြုံရေးအရ စိုးရိမ်ရတယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။
“နှစ်နိုင်ငံ သဘောတူထားတာက ဒီဘက်က အဖွဲ့ကို ကျနော်တို့ border လိုင်း နီးတဲ့အတွက် ကျနော်တို့ ထောက်ပံ့ပါမယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မထောက်ပံ့ပါနဲ့ ပြောထားသော်ငြားလည်း အခုထက်ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လာပြီးထောက်ပံ့နေတဲ့အတွက် ဒီဘက်က အိုင်စီအာစီ ညှိနှိုင်းသော်လည်း သူတို့က လက်မခံဘူး။ အိုင်စီအာစီ ထောက်ပံ့တဲ့ဟာဆိုတာက ဘယ်လိုမှ လူမျိုးရေး ခွဲခြားမှုလည်း မရှိဘူး၊ အကုန်လုံးထောက်ပံ့တဲ့ဟာရှိတယ်။ နောက် ကျနော်တို့ နိုင်ငံထဲမှာ နေထိုင်သွားတဲ့သူတွေ မှန်လား၊ မမှန်လားဆိုတာလည်း border လိုင်းထဲမှာဖြစ်တဲ့အတွက် ကျနော်တို့ စစ်ဆေးလို့လည်း မရဘူး။ ဒါကြောင့် ဒီအဖွဲ့တွေကို ဟိုဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံက လာထောက်ပံ့တယ်ဆိုတော့ ကျနော်တို့ ဧရိယာနဲ့ အရမ်းနီးကပ်တယ်၊ လုံခြုံရေးအရ ကြည့်ရင်လည်း အဆင်မပြေတဲ့အတွက် ကျနော်တို့ဘက်က ထောက်ပံ့မယ်ဆိုပြီး တောင်းဆိုထားပါတယ်။ တဖြည်းဖြည်းနဲ့ ထပ်ချဲ့လာမှာစိုးလို့ပါ။”
ဥပဒေကြောင်းအရ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းပေါ်မှာ နေခွင့်မရှိဘဲ နေရပ်စွန့်ခွာသူတွေက နေထိုင်နေတာလို့ မြန်မာဘက်က ပြောဆိုထားပြီး နယ်နိမိတ်မျဉ်းပေါ်မှာ နေထိုင်သူ ၅၀၀၀ ကျော်ရှိပါတယ်။