တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ခရိုင် ကျောက်မီးသွေး သတ္တုတွင်းမှာ ဓာတ်ငွေ့ပေါက်ကွဲခဲ့တဲ့အတွက် သတ္တုတွင်းသမား ၁၉ ဦး သေဆုံးပြီး ၂၈ ဦး ပိတ်မိနေတယ်လို့ ဒေသခံအစိုးရက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီလောက်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ ပန်ဇီဟူ အာမြို့ ဇီအောချီဝမ် ကျောက်မီးသွေးတွင်းထဲမှာ သတ္တုတွင်း အလုပ်သမား ၁၅၂ ဦး လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။
ဒီနေ့ မနက် ၆ နာရီမှာတော့ ၁၀၅ ဦးကို ကယ်တင်နိုင်ခဲ့ပြီးတော့ ပန်ဇီဟူအာမြို့က ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် သတ္တုတွင်းသမား ၃ ဦးကတော့ ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။ မြေအောက်မှာ ပိတ်မိနေတဲ့ အလုပ်သမား ၁၅ ဦးသေဆုံးတာကိုလည်း အတည်ပြုနိုင်ပြီ ဖြစ်ပါတယ်။
ကယ်ဆယ်ရေး အလုပ်သမားတွေလည်း ပိတ်မိနေတဲ့သူတွေကို ကယ်ထုတ်နိုင်အောင် ကြိုးစားနေပြီး သတ္တုတွင်း ပိုင်ရှင်ကိုလည်း စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်ဖို့အတွက် ရဲစခန်းက ခေါ်ဆောင်သွားပါတယ်။ ကျောက်မီးသွေးတွင်းကို ဇန်ကျင် စက်မှုကုန်သွယ်ရေး ကုမ္ပဏီက ပိုင်ဆိုင်ပါတယ်။
တရုတ်သတ္တုတွင်းတွေက လျော့ရဲတဲ့ စည်းမျဉ်းတွေကြောင့် ကမ္ဘာပေါ်မှာ လူအသေအပျောက် အများဆုံးဖြစ်ပေမယ့် အစိုးရကတော့ အသေအပျောက် စာရင်းတွေ ကျလာတယ်လို့ ပြောပါတယ်။
အရင်နှစ်ကလည်း သတ္တုတွင်း အလုပ်သမား ၁၉၇၃ ဦး သေဆုံးခဲ့သလို ၂၀၁၀ ကလည်း ၂၄၃၃ သေဆုံးခဲ့တယ်လို့ အစိုးရ အလုပ်လုံခြုံရေးဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့တွေက ပြောပါတယ်။