Home
မြန်မာသတင်း
ထောင်ဝင်စာလာတွေ့သည့် အမျိုးသမီးထံမှ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
November 18, 2018
ပဲခူးတိုင်း သာယာဝတီမြို့ မြို့မဈေးကြီးအတွင်း ထောင်ဝင်စာလာတွေ့သူ အမျိုးသမီးတဦးထံ ကနေ WY မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သာယာဝတီမြို့နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူ တဦးက ပြောပါတယ်။ သာယာဝတီမြို့မှာ နိုဝင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းက သာယာဝတီဈေးအတွင်း မြကလျာ စိန်ရွှေရတနာရောင်းဝယ်ရေးနဲ့ သင်္ကန်းဆိုင်မှာ မသင်္ကာဖွယ်ရာ အမျိုးသမီးတဦး ရောက်ရှိနေတဲ့ သတင်းအရ သာယာဝတီခရိုင်  ရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေ ဝင်ရောက်ရှာဖွေရာ မန္တလေး အောင်မြေသာဇံမြို့နယ် ၂၅ လမ်း (၈၂× ၈၀) ကြားနေသူ အသက် ၃၀ အရွယ် မပိုးနှင်းဖြူဆီကနေ စိတ်ကြွရူးသွပ်ဆေးပြားတွေ တွေ့ရှိခဲ့တာပါ။ 88 စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၈၉ ပြား၊ စာတမ်းမပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၈၅ ပြားနဲ့ အစိမ်းရောင် စိတ်ကြွဆေး ၂ ပြားကို ဖမ်းဆီးမိခဲ့ပါတယ်။ စစ်ဆေးမေးမြန်းချက်အရ သာယာဝတီထောင်အတွင်းရှိ ဆွေမျိုးတော်စပ်သူ အကျဉ်းသားထံကို ထောင်ဝင်စာလာတွေ့တာဖြစ်ပြီး သာယာဝတီ ထောင်အနီး ကရင်စုရပ်ကွက် "စိတ်ချမ်းမြေ့ရာ” တည်းခိုခန်းမှာ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက တည်းက ရောက်ရှိနေခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်တာကြောင့် တည်းခိုခန်းကို ဆက်လက်ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါး မတွေ့ရှိခဲ့ဘူးလို့ သာယာဝတီမြို့နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။ "ကျနော်တို့က သတင်းရရှိလို့ သွားရောက် ရှာဖွေတာပါ။ သာယာဝတီမြို့မှာ ၂၀၁၈ ခုနှစ်အတွင်း ဒါဟာ စတုတ္ထ ကြိမ်ဖမ်းဆီးမိတာဖြစ်ပြီး ကျနော်တို့အနေနဲ့ ကွင်းဆက်တွေ ဆက်လက်ဖော်ထုတ်နိုင်ရေးနဲ့ သာယာဝတီမြို့နယ်မှာ မူးယစ်ဆေးဝါး ကင်းစင်အောင် ဆောင်ရွက်သွားမှာပါ " လို့ ပြောပါတယ်။ စိတ်ကြွရူးသွပ်ဆေးပြား လက်ဝယ်တွေ့ရှိသူ မပိုးအိဖြူကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ တို့နဲ့ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တရားခံကို ဆက်လက်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း- ဝဏ္ဏထွန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024