ကမ္ဘာ့စီးပွားရေးတိုးတက်မှု ကိုယ်ကျိုးစီးပွားကာကွယ်ရေးလောင်းရိပ်တွင်မိနေဟု တရုတ် သတိပေး

1.3K
ကမ္ဘာ့စီးပွားရေးတိုးတက်မှုဟာ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ လောင်းရိပ်မှာ မိနေတယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုဝင်ဘာ ၁၇ ရက်နေ့ APEC ထိပ်သီးဆွေးနွေးပွဲမှာ သတိပေး ပြောကြားလိုက်ပါတယ်။
တရုတ်သမ္မတ ရှီက “ကိုယ်ကျိုးစီးပွားရေး ကာကွယ်ရေးဝါဒလို၊ တစ်ဖက်သတ်ဝါဒလို လမ်းဟောင်းကြီးတွေ လိုက်လို့ကတော့ ပြသနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ ကမ္ဘာ့စီးပွားရေး မရေရာမှုတွေ ပိုမို ဖြစ်စေမယ်” လို့ ပြောပါတယ်။
စစ်အေး ပုံစံဖြစ်ဖြစ်၊ ကုန်သွယ်ရေးစစ် ပုံစံဖြစ်ဖြစ် ထိပ်တိုက်တွေ့တဲ့နည်းလမ်းမှာ ဘယ်သူမှ အနိုင်မရဘူးဆိုတာကို သမိုင်းက ပြောနေတယ်လို့လည်း ဆိုပါတယ်။
“တရုတ်နိုင်ငံရဲ့ ရပ်ဝန်းတခု၊ လမ်းတသွယ် အစီအစဉ်ဟာ လျှို့ဝှက် ပထ၀ီဝင်နိုင်ငံရေး အစီအစဉ် မဟုတ်ဘဲ မည်သူတဦးတစ်ယောက်ကိုမှ ပစ်မှတ်မထားသလို ဖယ်ထုတ်လည်း မထားပါဘူး။ အဲဒီအစီအစဉ်ဟာ အဖွဲ့ဝင်မဟုတ်တဲ့နိုင်ငံတွေကို ချန်လှပ်မထားသလို လူတချို့ ကင်ပွန်းတပ်သလို ထောင်ချောက် မဟုတ်ဘူးလို့လည်း ပြောချင်ပါတယ်။ ရပ်ဝန်းတခု၊ လမ်းတသွယ် အစီအစဉ်ဟာ တခြားကမ္ဘာ့နိုင်ငံတွေနဲ့အတူ ဘုံဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ပြီး ပွင့်လင်းမြင်သာတဲ့ အစီအစဉ် ဖြစ်ပါတယ်” လို့ APEC ထိပ်သီး ဆွေးနွေးပွဲမှာ သမ္မတ ရှီက ပြောကြားခဲ့ပါတယ်။