Home
မြန်မာသတင်း
သဖန်းဆိပ်ဆည်အနီးတွင် စကောဝိုင်းအရွယ် အခွံပျော့လိပ်ကြီး ဖမ်းမိ
DVB
·
November 17, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့အနီး၊ သဖန်းဆိပ်ဆည်အနီးက အလေးချိန် ပိဿာ ၄၀ ဝန်းကျင်လောက်ရှိတဲ့ အနားပျော့၊ အခွံပျော့ လိပ်တကောင်ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ဒေသခံတွေက အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။ လိပ်ရဲ့ကိုယ်ထည်က အလျား ၃ ပေ၊ ၄ လက်မ၊ အနံ ၂ ပေ ၃ လက်မရှိတယ်လို့ သိရပါတယ်။ လိပ်ကိုဖမ်းမိတဲ့ ဒေသခံတွေက သတ်စားဖို့လုပ်နေတုန်း လူတဦးက ဝယ်ယူကာ ကန့်ဘလူမြို့ မဟာရွှေစည်ကြီး ဘုရားဝင်းအတွင်း လိပ်ကန်ကို ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ “ကျနော်က အဲဒီလိပ်တွေ့တဲ့ မဒေါင်ရွာဘက်ကိုရောက်နေတာ။ ၁၅ ရက်နေ့ ညနေကတည်းက လိပ်ရတယ်၊ အကြီးကြီးပဲ၊ ဒါမျိုးလိပ်မတွေ့ဖူးဘူး၊ ဘာညာနဲ့ ပြောနေကြလို့ နောက်နေ့ ၁၆ ရက်နေ့မနက်မှာ သွားကြည့်တာ။ ကျနော်သွားကြည့်တဲ့အချိန်မှာ သတ်ဖို့ ရေနွေးအိုးတွေတောင်တည်နေပြီ။ ဒါနဲ့နေပါဦး ရှင်သေးလားဆိုတော့ ရှင်တယ်ပေါ့။ ၁ ပိဿာ ဘယ်လောက်ဈေးရှိလဲဆိုတော့ ၅ ထောင်တဲ့။ ဘယ်လောက်ထွက်မလဲမေးတော့ ၄၀၊ ၄၅ ပိဿာလောက်တော့ ထွက်မယ်ပေါ့။ ဒါနဲ့ ၁ သိန်းပေးမယ်ရောင်းမလား။ ဘုရားလိပ်ကန်ထဲ ထည့်ချင်လို့ဆိုတော့ ရခဲ့တယ်။ အဲဒါကနေ ကန့်ဘလူရောက်တော့ ၃ ဘီးကို ၂ သောင်းခွဲနဲ့ငှားပြီး အသယ်ခိုင်းခဲ့တာ။ သူတို့ပြောပုံအရတော့ ကုန်းပေါ်ကတွေ့တာ။ တံငါတွေမဟုတ်ဘူး။ အမဆို ဥ ဥဖို့လည်း ဖြစ်နိုင်တယ်” လို့ လိပ်ကိုဝယ်ယူခဲ့သူ ဦးမောင်မြင့်က ပြောပါတယ်။ လတ်တလောမှာတော့ လိပ်ကို အထီးအမ မခွဲခြားတတ်သေးဘဲ အရွယ်အစားက စကောဝိုင်းလောက်ရှိပြီး လူ ၃၊ ၄ ယောက်လောက် ဝိုင်းမရတယ်လို့ ဆိုပါတယ်။ အရင်ကတော့ ဒီလို အခွံပျော့၊ အနားပျော့လိပ်တွေက အတွေ့ရများပေမယ့် အခုနောက်ပိုင်းမှာတော့ အရင်ကလောက် အတွေ့ရမများတော့ပါဘူး။ လိပ်က အသက်ရှင်နေပေမယ့် လှုပ်လှုပ်ရှားရှား မရှိတဲ့အတွက် လိပ်ကန်ထဲက ပြန်လည်ဆည်ယူထားကာ ရေတဝက်၊ ကုန်းတဝက်အနေအထားမျိုးနဲ့ ထားထားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ လိပ်တွေနဲ့ပတ်သက်ပြီး သစ်တော၊ သားငှက်ထိန်းသိမ်းရေးနှင့် လိပ်မျိုးစိတ်ရှင်သန်ရေးအဖွဲ့တွေက လုပ်ဆောင်နေတာတွေ ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024