Home
မြန်မာသတင်း
မြောင်းမြထောင် ဒုလက်ထောက်ကြီးကြပ်ရေးမှူးထံမှ စိတ်ကြွဆေးပြားများ ဖမ်းမိ
DVB
·
November 17, 2018
ဧရာဝတီတိုင်ဒေသကြီး၊ မြောင်းမြမြို့ အကျဉ်းထောင်မှာ တာဝန်ထမ်းဆောင်နေတဲ့ အကျဉ်းဦးစီးဌာန လက်ထောက်ကြီးကြပ်ရေးမှူး တဦးဆီက အကျဉ်းထောင်ထဲကို သယ်မယ့် WY စိတ်ကြွရူးသွပ်ဆေးပြားတွေ နိုဝင်ဘာလ ၁၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိသူဟာ မြောင်းမြအကျဉ်းထောင်က လက်ထောက်ကြီးကြပ်ရေးမှူး တာဝန်ထမ်းဆောင်နေတဲ့ မောင်စန်း ဆိုသူဖြစ်ပြီး WY စိတ်ကြွရူးသွပ်ဆေးပြားတွေကိုတော့ မြောင်းမြအကျဉ်းထောင်က ထောင်ကျအကျဉ်းသား စိုးနိုင်ဆိုသူကို ပေးဖို့ ယူဆောင်လာတာလို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရုံးက ပြောပါတယ်။ “အပြား ၂၂၀၀ ကျော်မိတာပါ။ မြောင်းမြအကျဉ်းထောင် လက်ထောက်ကြီးကြပ်ရေးမှူး ဆီကပါ။ အခုတော့ မူးယစ်ဆေးဝါးပုဒ်မနဲ့ ဖမ်းဆီးစစ်ဆေးနေပါတယ်။ ကွင်းဆက်တရားခံ တွေကိုတော့ ဖော်ထုတ်ဖမ်းဆီးသွားမှာပါ။ အကျဉ်းထောင်တင်မဟုတ်ပါဘူး။ ဘယ်ဌာနဆိုင်ရာ ဖြစ်ဖြစ် မူးယစ်ဆေးဝါးနဲ့ ပတ်သတ်လာရင် ဖော်ထုတ်အရေးယူသွားမှာပါ” လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးထွန်းရွှေက ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေကတော့ ကာလတန်ဖိုး ကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိ WY စိတ်ကြွရူးသွပ်ဆေးပြား ၂၂၇၆ ပြား၊ ခဲပြား ၄ ပြားနဲ့ Red lable တံဆိပ်အရက်ပုလင်းတလုံးတို့ ဖြစ်တယ်လို့ သိရပါတယ်။ မြောင်းမြမြို့မရဲစခန်းက အကျဉ်းဦးစီးဌာန လက်ထောက်ကြီးကြပ်ရေးမှူး မောင်စန်းနဲ့ ထောင်ကျအကျဉ်းသား စိုးနိုင်တို့ ၂ ဦးကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ နဲ့ အမှုဖွင့်ဖမ်းဆီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ မြမင်းဦး(ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024