Live
Home
မြန်မာသတင်း
တောင်ကြီး တန်ဆောင်တိုင်ပွဲတော်အတွင်း မသင်္ကာစရာတွေ့လျှင် သတင်းပေးရန် ရဲတပ်ဖွဲ့ ပြော
DVB
·
November 17, 2018
တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင်ပွဲတော်ကာလမှာ မသင်္ကာစရာတွေ့ရင် သတင်းပေးကြဖို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။ ရှမ်းပြည်​နယ်​​တောင်​ပိုင်း ​တောင်​ကြီးမြို့ မြို့လယ်​​ခေါင်​ မြို့မ​ဈေးအ​ရှေ့ ​ရွှေလွာထက်​အဝတ်​ဆိုင်​​ရှေ့ ဗိုလ်​ချုပ်​​အောင်​ဆန်းလမ်းမှာ နိုဝင်​ဘာ ၁၆ ရက်​ နေ့လယ် ၂ နာရီခွဲအချိန်​လောက် လက်​လုပ်​ဗုံးတလုံး​တွေ့ရှိပြီး မြို့နယ်ဘီအီးအင်ဂျင်နီယာတပ်က ဖောက်ခွဲဖျက်ဆီးခဲ့ရပါတယ်။ ရှမ်းပြည်​နယ်​ရဲတပ်​ဖွဲ့မှူး ရဲချုပ် ​ဇော်ခင်အောင်က “ထူးခြားတာရှိရင် သတင်းပို့ဖို့လိုတယ်။ ဒီမှာ မီးပုံးပျံပွဲကြီးက စနေပြီ။ ဒီအချိန်မှာ ပြည်သူလူထုအားလုံးက ဝိုင်းပြီးတော့ ကူညီမှ ဖြစ်မယ်။” လို့ ပြောပါတယ်။ အမှတ်​(၁) မြို့မရဲစခန်းကတော့ ပြည်သူတွေသတင်းပေးချက်အရ လက်​လုပ်​ဗုံးကို အချိန်မီ တားဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။ တောင်ကြီးမြို့၊ အမှတ်​(၁)မြို့မရဲစခန်း ဒုရဲမှူး ကျော်စိုးက “ဘီအီးတပ်က အဖွဲ့တွေက မသင်္ကာဖွယ်ရာ အိတ်ကို ဖောက်ခွဲပြီးတော့ ဖျက်ဆီးခဲ့တယ်။ ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရပါဘူး” လို့ ဆိုပါတယ်။ တောင်ကြီးမြို့ခံတွေကတော့ နိုင်ငံတကာနဲ့ ပြည်တွင်းခရီးသည် လာရောက်မှုများနေတဲ့ အချိန်မှာ ဗုံးထောင် ခြိမ်းခြောက်မှုအပေါ် ရှုတ်ချကြပါတယ်။ တောင်​ကြီး​ဒေသခံ ကို​ဇော်​ဝင်းထူး “နိုင်ငံတကာကရော၊ တခြားမြို့ကရော ဧည့်သည်တွေ လာနေတဲ့အချိန်မှာ ဒီလိုမျိုးပုံစံလုပ်တယ်ဆိုတာ ကျနော်တို့မြို့အတွက် အင်မတန် အောက်တန်းကျ တဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် ကျနော် ပြတ်ပြတ်သားသား ရှုတ်ချပါတယ်” လို့ ပြောပါတယ်။ တောင်ကြီးမြို့မှာ ၂၀၁၅ ခုနှစ် ​အောက်​တိုဘာလကလည်း က​မ္ဘောဇဘဏ်​အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အခုအကြိမ်ဟာ ဒုတိယအကြိမ်မြောက် လက်​လုပ်​ဗုံး တွေ့ရှိတာလို့ ဒေသခံတွေက ဆိုပါတယ်။ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရေးကော်မတီကတော့ လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေအတွက် လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024