ဒေါ်အောင်ဆန်းစုကြည် စင်ကာပူခရီးစဉ် အဆုံးသတ်၊ နေပြည်တော်ပြန်ရောက်
DVB
·
November 16, 2018
အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ဖို့ စင်ကာပူနိုင်ငံကို ၅ ရက်ကြာ သွားရောက်ခဲ့တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မွန်းလွဲပိုင်းက နေပြည်တော်ကို ပြန်လည် ရောက်ရှိလာပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒီမနက် ၁၀နာရီခွဲလောက်က စင်ကာပူနိုင်ငံ၊ ချန်ဂီ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြန်မာနိုင်ငံသို့ အထူးလေယာဉ်နဲ့ ပြန်လည်ထွက်ခွာလာပြီး မွန်းတည့် ၁၂ နာရီမှာ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိတယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ ၃၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး၊ အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး၊ အာရှပစိဖိတ်ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး၊ အာဆီယံ- အမေရိကန်၊ အာဆီယံ- ရုရှား ထိပ်သီးအစည်းဝေးတွေအပြင် အမေရိကန်၊ တရုတ်၊ နယူးဇီလန် နိုင်ငံတို့က ခေါင်းဆောင်တွေနဲ့လည်း သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဓာတ်ပုံ-MOFA