ရေတွင်းနက်ထဲ ပြုတ်ကျခဲ့သည့် အဆိပ်ပြင်းမြွေဟောက်ကို ဘယ်လိုကယ်တင်ခဲ့သလဲ (ရုပ်သံ)

အနက် ၁၀ မီတာရှိတဲ့ ရေတွင်းတတွင်းထဲက အဆိပ်ပြင်း မြွေဟောက်တကောင်ကို ကယ်တင်ရမယ်ဆိုရင် သင့်အနေနဲ့ ဘယ်လိုများ ကယ်တင်နိုင်မလဲဆိုတာ တွေးကြည့်ရုံနဲ့တင် သွေးပျက်စရာပါပဲ။ ဒါပေမယ့် ဒီအဖြစ်အပျက်ကတော့ အိန္ဒိယနိုင်ငံ၊ ကာဆာပင်ပါကျေးရွာမှာ နိုဝင်ဘာ ၁၄ ရက်နေ့က တကယ်ကို ဖြစ်ခဲ့တာလို့ စီဂျီတီအန်သတင်းမှာ ဖော်ပြပါတယ်။ မြွေဟောက်ရှိနေတဲ့နေရာဆီ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးအဖွဲ့ ရောက်ရှိလာပြီး ပြန်ဆယ်ကယ်တင်နိုင်ဖို့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ မြွေဟောက်ကို ရေတွင်းထဲ ဆင်းဆယ်ဖို့ နဝပ်ဇ်ရှိတ်ခ်က တာဝန်ယူခဲ့ပြီး ကြိုးနဲ့ ဆင်းသွားခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ မြွေဟောက်မတက်နိုင်ဘဲ ရှိနေခဲ့တဲ့ နံရံကနေ သူက ကုတ်နဲ့ကော်ထုတ်ဖို့ ကြိုးစားခဲ့ချိန်မှာတော့ မြွေဟောက်ဟာ ပါးပြင်းထောင်ပြီး ပြန်ပေါက်တော့မယ့်ပုံနဲ့ ရှိနေခဲ့တာဟာ တကယ့်ကို ကြောက်လန့်စရာပါပဲ။ အဲဒီလိုနဲ့ သူ ဆွဲဖမ်းယူဖို့ ကြိုးစားနေချိန်မှာပဲ မြွေဟောက်ဟာ ရေထဲကို ကျသွားခဲ့ချိန်မှာတော့ ပုံစံတမျိုး ပြောင်းခဲ့ရတာပါ။ နဝပ်ဇ်ရှိတ်ခ်ဟာ ရေအောက်ထိရောက်အောင် ထပ်ဆင်းသွားခဲ့ရပြီး ရေထဲက မြွေဟောက်ကို ဖမ်းယူဖို့ ကြိုးစားခဲ့ရပြီးနောက်မှာတော့ အောင်အောင်မြင်မြင်နဲ့ ဖမ်းမိသွားခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူတို့အဖွဲ့က မြွေကို တောထဲ ပြန်လွှတ်ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up