ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက ဘရက်ဇစ် သဘောတူညီချက်မူကြမ်းကို ကာကွယ်ပြောကြား

ဓာတ်ပုံ - Getty Images/AFP/M. Dunham
1.9K
ဗြိတိန်ပါလီမန်အတွင်း နိုဝင်ဘာ ၁၅ ရက်နေ့က ဝန်ကြီးချုပ် ထရီဆာမေဟာ ဘရက်ဇစ် သဘောတူညီချက်မူကြမ်းကို ကာကွယ်ပြောကြားခဲ့တယ်။
ဘရက်ဇစ်ဝန်ကြီးနဲ့ တခြားဝန်ကြီးတွေက အဲဒီမူကြမ်းဟာ ဗြိတိန်ကို အီးယူ လောင်းရိပ်အတွင်း နှစ်ပေါင်းများစွာ ကျရောက်စေမယ်လို့ ပြောကြားပြီး ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။
ဝန်ကြီးချုပ် မေရဲ့ ပါလီမန်မိန့်ခွန်းမှာ မူကြမ်းနဲ့ပတ်သက်လို့ နောက်ဆုတ်မယ့်လက္ခဏာ မတွေ့ရဘဲ ဥပဒေပြုအမတ်တွေအနေနဲ့ အရှိအတိုင်း ဆုံးဖြတ်ချက်ကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ မေက သတိပေးလိုက်ပါတယ်။
ဝန်ကြီးချုပ် မေက ဘရက်ဇစ်မူကြမ်းဟာ ဗြိတိန်နိုင်ငံသားတွေနဲ့ ဗြိတိန် အကျိုးစီးပွားအတွက် အကောင်းဆုံး သဘောတူညီချက် ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဝန်ကြီးချုပ် မေရဲ့ ကွန်ဆာဗေးတစ်နဲ့ အတိုက်အခံပါတီက အမတ်တွေဟာ မူကြမ်းနဲ့ပတ်သက်လို့ တလှည့်စီ ဝေဖန်ပြောကြားခဲ့ပါတယ်။
ဒါဟာ ဝန်ကြီးချုပ် မေအနေနဲ့ အောက်လွှတ်တော်ရဲ့ ထောက်ခံမှုကို ရနိုင်ဖွယ်မမြင်တဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။
အတော်များများက ဒီသဘောတူညီချက် မူကြမ်းဟာ အီးယူကနေ ဗြိတိန် ထွက်ခွာပြီးရင်တောင် အီးယူရဲ့ စည်းမျဉ်းတွေကို ဗြိတိန်က လိုက်နာရတဲ့ “လက်အောက်ခံနိုင်ငံ” ဖြစ်သွားစေတယ်ဆိုပြီး ဝေဖန်နေကြပါတယ်။