ခွင့်မပြုဘဲ စောင်ယူခြုံသည့် ထိုင်းသူငယ်ချင်းကို ဓားဖြင့်ထိုးသတ်
DVB
·
November 16, 2018
ခွင့်မပြုဘဲ စောင်ယူခြုံတဲ့အတွက် သူငယ်ချင်းဖြစ်သူကို ဓားနဲ့ထိုးသတ်ခဲ့တဲ့ မြန်မာ အမျိုးသားတဦးကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့တယ်လို့ သည်နေးရှင်းသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်ထဲမှာ ဒီကနေ့မနက်အစောပိုင်းက ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
အသက် ၄၈ နှစ်အရွယ် တရားခံ ညိုဟာ အခင်းဖြစ်တဲ့နေရာက ထွက်ပြေးသွားခဲ့ပြီး ရဲတွေက ဆိုင်ရောက်ခရိုင်ထဲက သူ့ရဲ့နေအိမ်တဲအတွင်းမှာ ဖမ်းဆီးနိုင်ခဲ့တာလို့ ရဲအရာရှိ ကာဆန်ပရာက ပြောပါတယ်။
တရားခံဟာ သားလှီးဓားမတချောင်းကို အသုံးပြုခဲ့ပြီး သူငယ်ချင်းဖြစ်သူ အသက် ၄၁ နှစ်အရွယ် ထိုင်းအမျိုးသား ခွန်ပိုလ် ပရွန်ဆာအန်းကို တိုက်ခိုက်ခဲ့ပြီး ဦးခေါင်းနဲ့ လက်တွေ၊ ခြေတွေမှာ ထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
ညိုက သူငယ်ချင်းဖြစ်တဲ့ ထိုင်းအမျိုးသားဟာ သူ့ဆီလာလည်ခဲ့ပြီး ငါးမျှားထွက်ချိန်မှာ ခွင့်ပြုချက်မရဘဲ စောင်ကို ငှားရမ်းအသုံးပြုခဲ့တယ်လို့ ရဲတွေကို ပြောပါတယ်။
အဲဒီနောက် သူပြန်ရောက်ချိန်မှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ အချင်းများခဲ့ကြပြီးနောက် သူက ဒေါသမထိန်းနိုင်ဘဲ ဓားနဲ့ခုတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။