Home
မြန်မာသတင်း
ညောင်ပင်သာယာဉ်တိုက်မှု အမျိုးသား ၁ ဦး သေဆုံး၊ လမ်းဘေးဆိုင်အချို့ ပျက်စီး
DVB
·
November 16, 2018
ပဲခူးတိုင်း ညောင်ပင်သာမြို့မှာ နိုဝင်ဘာ ၁၅ ရက်၊ ညနေ ၅ နာရီလောက်က ၁၂ ဘီးယာဉ်တစီး ဈေးဆိုင်အချို့နဲ့ လမ်းဘေးရှိ လူအချို့ကို ၀င်တိုက်ခဲ့တာကြောင့် အမျိုးသား ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ဈေးဆိုင်အချို့ ပျက်စီးခဲ့တယ်လို့ ညောင်ပင်သာနယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ကညွတ်ကွင်းမြို့ကနေ ဖြူးဘက်ကို ယာဉ်မောင်းဌေးနိုင် မောင်းနှင်လာတဲ့ NISSAN DIESEL အမျိုးအစား ၁၂ ဘီးယာဉ်ဟာ ရန်ကုန်-မန္တလေး ပုံမှန်ကားလမ်းမိုင်တိုင်အမှတ် ၁၃၆/၂ အနီးအရောက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမှာ ရပ်စကားပြောနေသူတဦးအား တိုက်မိပြီးနောက် အခြားဈေးဆိုင် ၃ ဆိုင်နဲ့ လူအချို့ကို ထပ်မံတိုက်မိခဲ့တာလို့ ဆိုပါတယ်။ "၁၂ ဘီးကားက သူရှေ့က ဖြတ်ကွေ့တဲ့ယာဉ်တစီးကို ရှောင်ရင်း ဘရိတ်လိုက်တာ ဘရိတ်ပေါက်ပြီး လမ်းဘေးက သူတွေနဲ့ဈေးဆိုင်တွေကို ဝင်တိုက်မိတာ။ အခုသေဆုံးသွားတဲ့ သူကိုတော့ ပထမညောင်ပင်သာဆေးရုံ၊ အဲကနေ ဒဏ်ရာအခြေအနေအရ ဖြူးဆေးရုံကို လွှဲလို့ ဖြူးဆေးရုံကိုသွားတယ်။ အဲကနေတဆင့် နေပြည်တော်ဆေးရုံကိုအပို့ ဖြူးအထွက်တင် ဆုံးသွားတာပါ။ ယာဉ်မောင်းကိုလည်း အခုစစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်" လို့ ညောင်ပင်သာနယ်မြေရဲတပ်ဖွဲ့စခန်းမှ တာန်ရှိသူတဦးက ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် ကျပ်သိန်း ၃၀၀ ဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့ပြီး ဒဏ်ရာရသူ ၂ ဦးကတော့ အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ၁၂ ဘီးယာဉ်မောင်း ဌေးနိုင်ကို ညောင်ပင်သာနယ်မြေရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၇ နဲ့ အမှုဖွင့်စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း-ကျော်အောင်(ကညွတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024