Live
Home
မြန်မာသတင်း
ဖားကန့်တွင် ရေမဆေးရှာဖွေသူ ၁ ဦး သေနတ်မှန် သေဆုံး
DVB
·
November 15, 2018
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု၊ ဝှေခါကျေးရွာအနီးက ရတနာကြယ် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီမှာ နိုဝင်ဘာလ ၁၄ ရက် ညနေ ၃ နာရီလောက်က ရေမဆေးကျောက်ရှာဖွေသူတဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားပါတယ်။ ထောင်နဲ့ချီတဲ့ ရေမဆေးကျောက် ရှာဖွေသူတွေဟာ ရတနာကြယ် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီလုပ်ကွက်ထဲကို လူအင်အားနဲ့ ဝင်ရောက်ဖို့ ကြိုးစားရာကနေ လုံခြုံရေးက တားဆီး ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ဖားကန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောပါတယ်။ သေနတ်ထိမှန် သေဆုံးသွားသူဟာ ရေမဆေးကျောက်ရှာဖွေသူ မောင်ကျော်မျိုးထွန်း (၂၄) နှစ်ဖြစ်ပြီး လက်ရှိဝှေခါကျေးရွာမှော်သစ်ကုန်း (၄) မှာနေထိုင်ကာ ဇာတိ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊  ငပွေးလေးကျေးရွာအုပ်စု၊ ဇီးဖြူပင် ကျေးရွာက ဖြစ်ပါတယ်။ မောင်ကျော်မျိုးထွန်းဟာ ဘယ်ဘက်တင်ပါးအထက်နားမှာ သေနတ်ဒဏ်ရာတချက် ဖောက်ဝင်သွားပြီး အသက်သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝေခါကျေးရွာက  အိုင်အယ်လ်အိုအဖွဲ့ တာဝန်ခံ ကိုချစ်ကောင်းက “ကုမ္ပဏီက လုပ်ငန်းသုံး စက်ယန္တရားတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ရိုက်ခွဲတာတွေ၊ လောင်စာဆီကန်တွေထဲက လောင်စာဆီတွေ ဖောက်ချတာတွေ လုပ်ကုန်ကြတာ"လို့ ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး  ဖားကန့်ရဲစခန်းတာဝန်ရှိသူတွေကိုတော့ ဆက်သွယ် မေးမြန်း နိုင်ခြင်း မရှိသေးပါဘူး။   သတင်း - ဇော်မိုးထက် (ဖားကန့်)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024