Home
မြန်မာသတင်း
အခြေခံဥပဒေခုံရုံးကို စုံစမ်းစစ်ဆေးရန် ကော်မရှင်ဖွဲ့စည်း
DVB
·
August 29, 2012
ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ နိုင်ငံတော် အခြေခံဥပဒေခုံရုံးကို စုံစမ်းစစ်ဆေးဖို့အတွက် ကိုယ်စားလှယ်တွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းလိုက်ပါတယ်။ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးကို စွပ်စွဲပြစ်တင်ဖို့ အတွက် ပြည်သူ့လွှတ်တော်မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်တယ် လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ စုံစမ်းစစ်ဆေးရေး အဖွဲ့မှာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒာကျော်စွာက ဥက္ကဋ္ဌက ဖြစ်ပြီး အဖွဲ့ဝင် ၁၅ ဦးပါဝင်ပါတယ်။ အဲဒီအဖွဲ့ဟာ ဒီနေ့က စတင်ပြီး စုံးစမ်းစစ်ဆေးသွားမယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေ က ပြောပါတယ်။ ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာလည်း စုံးစမ်းစစ်ဆေးရေးအဖွဲ့က အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ ဥပဒေအရ လုပ်ထုံးလုပ်နည်းအနဲ့အညီ ဆောင်ရွက်သွားမယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က အဖွဲ့ဝင် တဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက ပြောပါတယ်။ “လောလောဆယ်မှာတော့ ဘာမှ မရှိသေးပါဘူး။ လုပ်ထုံးလုပ်နည်းအရ ဆက်သွားဖို့ပဲ။ ဒါကို လေ့လာရဦးမှာပါ။ အဲဒါပါပဲ။ ကျနော်တို့ မနက်ဖြန် ဆက်တိုက် ရုံးထိုင်သွားမှာပါ။ ဥပဒေအရ ဆက်သွားဖို့ပါပဲ။” နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုးကတော့ မနေ့က အမျိုးသားလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေဟာ တရားစီရင်ရေးကို လွှမ်းမိုးဖို့ လုပ်တာဟာ Rule of Law တရားဥပဒေစိုးမိုးရေးကို ဖျက်ဆီးတာဖြစ်ကြောင်း ပြောဆိုလိုက်တယ်လို့ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဆိုပါတယ်။ “ဦးသိန်းစိုးက တရားစီရင်ရေးကို လွှမ်းမိုးမှုကို လုပ်တာဟာ တရားဥပဒေ စိုးမိုးရေးကို ဖျက်ဆီးတာပဲတဲ့။ အခုလို အများအနိုင်ယူတဲ့ မဲခွဲဆုံးဖြတ်တာဟာ ဖွဲ့စည်းပုံကို မလိုက်နာရာ ရောက်တယ်တဲ့။ ဖျက်ဆီးရာ ရောက်တယ်တဲ့။ ကိုယ်စားလှယ်များရုံနဲ့ လွှတ်တော်အမတ်တွေရဲ့ ဆန္ဒတွေနဲ့ လုပ်ဆောင်တာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တန်ဖိုးမဲ့အောင် လုပ်တာပဲတဲ့။ ဒီလိုလုပ်ခဲ့တဲ့အတွက် ဒါဟာ လွှတ်တော်ရဲ့သမိုင်း မှတ်တမ်းပဲတဲ့။ အကြမ်းဖျင်းအားဖြင့်သူက အဲဒီလို ပြောသွားတာ။ သူက လက်မခံဘူး ဆိုတာထက် ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့ သဘောပေါ့။ အပြန်အလှန် စွပ်စွဲသွားတဲ့ သဘောပေါ့။” ပြည်သူ့လွှတ်တော်ကနေ စုံစမ်းစစ်ဆေးအပြီးမှာ ပြည်ထောင်စုလွှတ်တော်မှာ အခြေခံဥပဒေခုံရုံးကို စွပ်စွဲ အပြစ်ပေးဖို့ မဲခွဲဆုံးဖြတ်လို့ ကိုယ်စားလှယ် ၃ ပုံ ၁ ပုံက ထောက်ခံမဲပေးရင် နိုင်ငံတော် အခြေခံဥပဒေခုံရုံးအဖွဲ့ဝင်တွေ နုတ်ထွက်ပေးဖို့ ရှိနေပါတယ်။ နိုင်ငံတော်သမ္မတကတော့ အခြေခံဥပဒေခုံရုံးကို စွပ်စွဲ အပြစ်ပေးမယ့်အစား အခြေခံဥပဒေကိုပဲ ပြင်ဆင်ကြဖို့ ပြည်သူ့လွှတ်တော်ထံ သ၀ဏ်လွှာ ပေးပို့ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024