Live
Home
မြန်မာသတင်း
မီဒီယာကောင်စီ၊ ရန်ကုန်တိုင်းအစိုးရနှင့် အလဲဗင်းမီဒီယာတို့ သုံးပွင့်ဆိုင်တွေ့ဆုံ ဖြေရှင်းမည်
ကျော်ဇေယျာဝင်း
·
November 15, 2018
အလဲဗင်းမီဒီယာနဲ့ ရန်ကုန်တိုင်းအစိုးရတို့အကြား ဖြစ်ပွားနေတဲ့ အမှုကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်တို့  ဒီကနေ့ မနက် တွေ့ဆုံ ဆွေးနွေးပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့  ကြားဝင်းညှိနှိုင်းပေးနေတာ တိုးတက်မှုရှိလာပြီး လာမယ့် နိုဝင်ဘာ ၂၇ ရက် နောက်ပိုင်းမှာ သတင်းမီဒီယာကောင်စီက နှစ်ဖက်စလုံးကို သီးခြားတွေ့ဆုံပြီးနောက် သုံးပွင့်ဆိုင်တွေ့ဆုံ ဆုံးဖြတ်ပေးသွားမယ်လို့ မီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်က ပြောပါတယ်။ အောက်တိုဘာ  ၈ ရက်ထုတ် အလဲဗင်းဂျာနယ်ပါ “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ” ဆောင်းပါးနဲ့ပတ်သက်ပြီး တိုင်းအစိုးရက  အလဲဗင်းမီဒီယာ သတင်းသမား ၃ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲခဲ့ပြီး နိုဝင်ဘာ ၉ ရက်မှာ အမှု ပြန်ရုပ်သိမ်းပေးခဲ့ပါတယ်။ ဒါပေမယ့် ဆောင်းပါးပါအချက်တွေဟာ မှားယွင်းနေတဲ့အတွက် အလဲဗင်းမီဒီယာအနေနဲ့ ပြန်တောင်းပန်ပေးဖို့ တိုင်းအစိုးရကတောင်းဆိုထားပြီး လိုက်နာရင် အမှုပြီးစီးသွားမယ်၊ မလိုက်နာဘဲ စာနယ်ဇင်းကောင်စီက ကြားဝင်ညှိနှိုင်းရာမှာ မအောင်မြင်ရင် ဥပဒေကြောင်းအရ ဆက်လုပ်မယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောထားပါတယ်။ ဒါပေမယ့် အလဲဗင်းမီဒီယာဘက်ကတော့ ဆောင်းပါးပါ အချက်အလက်တွေဟာ မှန်ကန်တဲ့ သတင်းရင်းမြစ်ရဲ့ ဖော်ပြချက်တွေဖြစ်လို့ မတောင်းပန်ဘူးလို့ ပြောထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024