ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ခွာသွားသူများ ယနေ့နံနက် တောင်ပြိုလက်ဝဲသို့ ပြန်ဝင်မလာသေး

1.9K
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် စွန့်ခွာထွက်သွားသူတွေကို ဒီကနေ့ နိုဝင်ဘာ ၁၅ ရက်ကစပြီး ပထမအသုတ် ပြန်လည်လက်ခံဖို့ နှစ်နိုင်ငံအစိုးရက စီစဉ်ထားပေမယ့် ဒီမနက် ၁၀ နာရီအထိ တောင်ပြိုလက်ဝဲမြို့ရှိ ပြန်လည်လက်ခံရေးစခန်းကို တဦးတယောက်မှ ပြန်ဝင်လာတာ မရှိသေးပါဘူး။
ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့ရှိ ပြန်လည်လက်ခံရေးစခန်းက ကော်မတီအဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာဝန်ထမ်းတွေဟာ ဒီကနေ့မနက်စောစောပိုင်း ၆ နာရီအချိန်လောက် ကတည်းကစပြီး ပြန်လည်ဝင်ရောက်လာမယ့်သူတွေကို လက်ခံဖို့ အဆင်သင့် ဖြစ်နေကြပြီဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ခွာသွားသူတွေကို နိုဝင်ဘာ ၁၅ ရက်ကစပြီး ပထမ အသုတ်အနေနဲ့ လူဦးရေ ၂၀၀၀ ကျော်ကို ပြန်လည်လက်ခံမှာဖြစ်ပြီး တရက်ကို လူဦးရေ ၁၅၀ နဲ့ ၁၅ ရက်ကြာ လက်ခံရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်မှာပါ။
ပြန်လာမယ့်သူတွေအတွက်လည်း လုံခြုံရေး၊ နေထိုင်ရေးနဲ့ စားဝတ်နေရေးအပြင် ဥပဒေနဲ့ ညီညွတ်ပါက နိုင်ငံသား ဖြစ်ခွင့်ပါလျောက်ထားနိုင်တယ်လို့ လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေးစခန်းတွေကို အာဆာအဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက် ခံရပြီး နောက်ပိုင်း အဲဒီဒေသမှာ နေထိုင်သူ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်သွားခဲ့ကြတာဖြစ်ပါတယ်။
လတ်တလော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြသူပေါင်း ၇ သိန်းကျော်လောက် ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။