ရခိုင်ပြည်နယ်ဘက်သို့ပို့မည့် ကျပ်သိန်း ၆၃၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
November 15, 2018
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်ကနေ ရခိုင်ပြည်နယ်ဘက်ကို ထွက်ဖို့ပြင်ဆင်နေတဲ့ ကားတစီးပေါ်ကနေ ကျပ်သိန်း ၆၃၀၀၀ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပါတယ်။
နိုဝင်ဘာ ၁၃ ရက်က ရန်ကုန်ဘက်ကနေလာတဲ့ မီဆူဘီရှီ ပစ်ကပ်ကားတစီးကို ပန်းတောင်းမြို့နယ်ကနေ တဆင့် တောင်ကုတ်လမ်းပေါ်ရှိ ညောင်ဂျိုးကျေးရွာ စစ်ဆေးရေးဂိတ်ကို ဖြတ်ပြီး ရခိုင်ပြည်နယ်ဘက်ကို အထွက်မှာ ပူးပေါင်းရှာဖွေရေးအဖွဲ့က မသင်္ကာလို့ စစ်ဆေးရာကနေ ဖမ်းမိခဲ့တာပါ။
အဲဒီကားပေါ်မှာ WY နဲ့ R စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား စုစုပေါင်း ၁၈ သိန်းကို ကားထဲမှာ အံဝှက်လုပ် သယ်ဆောင်လာတာလို့ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်ရဲစခန်းမှ စခန်းမှူး ရဲအုပ်သန်းလှက ပြောပါတယ်။
အဲဒီကားကို မြဝတီမြို့နေ ကိုဝင်းမောင်က မောင်းနှင်လာခဲ့တာဖြစ်ပြီး သူနဲ့အတူ တမြို့တည်းသား ဦးဝင်းမြင့်လိုက်ပါလာကာ သူတို့နှစ်ဦးကို (ပ)၂/၂၀၁၈ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ နဲ့ အမှုဖွင့် အရေးယူဖို့ ပန်းတောင်းမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။
ပန်းတောင်းမြို့နယ်ထဲမှာ ၂၀၁၆ ခုနှစ်တုန်းကလည်း အခုလို ရခိုင်ပြည်နယ်ဘက်ကို တင်ပို့မယ့် မူးယစ်ဆေးဝါးတွေ ပီပါ ၁၄ လုံးနဲ့ ထည့်လာတာကို ဖမ်းမိခဲ့ဖူးပါတယ်။
အဲဒီဖြစ်စဉ်မှာ WY ဆေးပြား ၁၄ သန်း ဖမ်းမိခဲ့ပြီး မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးပမာဏ ဒုတိယအများဆုံး ဖမ်းမိခဲ့တာဖြစ်ပေမယ့် ပိုင်ရှင်အစစ်အမှန်ကို ဒီနေ့ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။