ဟဇ်ဘိုလာခေါင်းဆောင်၏သားနှင့် အယ်လ်မူဂျာဟစ်ဒင် တပ်မဟာတို့ကို အကြမ်းဖက်သမားများ အဖြစ် ကြေညာ

ဓာတ်ပုံ - Reuters
အမေရိကန်အစိုးရက ဟဇ်ဘိုလာ ခေါင်းဆောင်ရဲ့ သားနဲ့ ဟဇ်ဘိုလာတွေနဲ့ ချိတ်ဆက်ထားတဲ့ အယ်လ်မူဂျာဟစ်ဒင် တပ်မဟာတို့ကို ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားတွေ အဖြစ် နိုဝင်ဘာ ၁၄ ရက်က တရားဝင် ကြေညာလိုက်ပါတယ်။ အီရန်က ကျောထောက်နောက်ခံ ပေးထားပြီး လက်ဘနွန်နိုင်ငံမှာ အခြေစိုက်တဲ့ ဟဇ်ဘိုလာ ပြောက်ကျားတပ်ခေါင်းဆောင် ဆေးယဒ် ဟတ်ဆန် နတ်စ်ရာလာရဲ့ သားဖြစ်သူ ဂျဝဒ် နတ်စ်ရာလာကို အကြမ်းဖက်သမားအဖြစ် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ သတ်မှတ်လိုက်တာပါ။ သူ့ကို အနောက်ဘက်ကမ်းပါးက အစ္စရေးတွေကို တိုက်ခိုက်သူအဖြစ်လည်း စွပ်စွဲခဲ့ပါတယ်။ ဒါ့အပြင် အယ်လ်မူဂျာဟစ်ဒင်အဖွဲ့ (AMB) ကို နာမည်ပျက်စာရင်း သွင်းပါတယ်။ ဒီအဖွဲ့ဟာ ဟဇ်ဘိုလာတွေနဲ့ အဆက်အသွယ်ရှိပြီး ပါလက်စတိုင်း ပိုင်နက်တွေထဲက အခြေစိုက်စခန်းကနေ အစ္စရေးပစ်မှတ်တွေဆီ အကြိမ်အတော်များများ တိုက်ခိုက်ဖို့ လျှို့ဝှက်ကြံစည်ခဲ့တယ်လို့လည်း ပြောပါတယ်။ သူတို့အပေါ် တင်းတင်းကျပ်ကျပ် ဒဏ်ခတ်မယ်လို့လည်း ဆိုပါတယ်။ ဒီနေ့သတ်မှတ်ချက်ဟာ နတ်စ်ရာလာနဲ့ AMB ရင်းမြစ်တွေကို အကြမ်းဖက် တိုက်ခိုက်မှုတွေ ကြံစည်လုပ်ဆောင်ခွင့် ပိတ်ပင်တယ်၊ အမေရိကန်ရဲ့ ဘဏ္ဍာရေးစနစ်တွေကို သူတို့ လက်လှမ်းမီခွင့်ကိုလည်း ပိတ်ပင်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဒါ့အပြင် ဟားမတ်စ်ခေါင်းဆောင် ဆာလစ် အယ်လ် အာအူရီ၊ လက်ဘနွန်နိုင်ငံသား ဟဇ်ဘိုလာ ခေါင်းဆောင်တွေဖြစ်တဲ့ ခါလစ် ယူဆစ်ဖ် မာမွတ် ဟာ့ဘ်နဲ့ ဟေသမ်အလီ တာဘာတာဘာအီတို့ ဘယ်မှာရှိတယ်ဆိုတာ သတင်းပေးနိုင်ရင် တယောက်ကို တရားရေးဌာနရဲ့ ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ ငါးသန်း ပေးမယ်လို့လည်း ကြေညာပါတယ်။ ဟားမတ်စ်နဲ့ ဟဇ်ဘိုလာတွေဟာ အီရန်ဆီက သင်တန်းရော ရန်ပုံငွေပါ ရနေတယ်လို့လည်း ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၁၅ အီရန် နျူကလီးယားရေးရာ သဘောတူညီချက်ကနေ နုတ်ထွက်အပြီး အီရန်အစိုးရအပေါ် ဒဏ်ခတ်မှု ပြန်လည် ပြဋ္ဌာန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up