Home
မြန်မာသတင်း
ဆိုင်ကလုန်း ‘ဂါဂျာ’ မြန်မာပြည်ဘက် ဦးတည်မည့် အခြေအနေမရှိ၊ အဝါရောင်အဆင့် သတ်မှတ်
DVB
·
November 14, 2018
ဘင်္ဂလားပင်လယ်အော်မှာ  ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း ‘ဂါဂျာ’ဟာ မြန်မာနိုင်ငံ ဘက်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိလို့  အဝါရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးဇလဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ ဒီကနေ့မနက် မြန်မာစံတော်ချိန် ၆နာရီခွဲအချိန် တိုင်းထွာချက်အရ ဆိုင်ကလုန်းမုန်တိုင်း ‘ဂါဂျာ’ဟာ အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ရဲ့ အရှေ့ဘက်မိုင် ၃၁၀ ခန့်နဲ့  နာဂါပတ္တနမ်မြို့ အရှေ့မြောက်ဘက် ၃၆၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း ‘ဂါဂျာ’ရဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀)နှုန်းအထိ ဖြစ်ပြီး နောက် ၂၄နာရီ အတွင်း ပိုမိုအားကောင်းလာကာ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိနိုင်ပြီး အနောက်- အနောက်တောင်ဘက်သို့ ရွေ့လျားမယ်လို့ ခန့်မှန်း ထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းတို့အပြင် ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာလည်း နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ဆိုပါတယ်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ  တခါတရံ မိုးသက်လေပြင်းတွေကျရောက် လှိုင်းကြီးနိုင်ပြီး တစ်နာရီလျှင် (၃၅) မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်တယ်၊ လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့  ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့  ကြိုတင်သတိပြုကြဖို့လည်း မိုးဇလဌာနက အကြံပြု ထားပါတယ်။ ဓာတ်ပုံ- မိုးဇလ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024